Thursday 26 August 2021

ပဲပုဇွန်သီးသုပ် မွှေးမွှေးလေး


အိမ်မှာစိုက်ထားတဲ့ ပဲပုဇွန်ပင်လေးတွေ သီးလာပြီဆိုတော့ ချဉ်ရည်ဟင်း ချက်လို့တစ်ဖုံ ကြော်စားလို့တစ်မျိုး ချက်စားဖြစ်သလိုဘဲ ဒီနေ့တော့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ပဲပုဇွန်သီး အသုပ်လေးက ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပုဇွန်သီး - အတောင့်သုံးဆယ်ခန့်
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  8. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲပုဇွန်သီးကို အကြောများ သင်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ပဲပုဇွန်သီးများ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် ဓါးပြတ်ပြတ်နှင့် ခပ်စောင်းစောင်းလေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ပဲပုဇွန်သီး ကြက်သွန်နီ ပုဇွန်ခြောက်မှုန့်  ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်ဖြူ ဆီချက်ဖတ် ငံပြာရည်နှင့် မန်ကျည်းမှည့် ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ  ပဲပုဇွန်သီး အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment