Thursday 19 August 2021

ငါးဖယ်ချဉ်ကြော်


 

အခုရက်ထဲ စိတ်ထဲမှာ စားချင်တာလေးတွေ တစ်မျိုးပြီးတစ်မျိုး လုပ်စားဖြစ်နေပါတယ် ဒါကြောင့်မို့လို့ ကျန်ခဲ့တဲ့ တစ်ပါတ်က ငါးဖယ်အသား ခြစ်ပြီးသားလေးတွေ ဝယ်လာပြီး ငါးဖယ်အသားချဉ်လေး လုပ်ဖြစ်ခဲ့ပါတယ်။

အခုတော့ ငါးဖယ်အသားချဉ်လေး လုပ်ထားတာ ရသွားပါပြီ ဖြစ်တဲ့အတွက် ဒီနေ့တော့ ငါးဖယ်အသားချဉ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ငါးဖယ်အသားချဉ် - အနေတော် ခြောက်တုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ငရုတ်သီးစိမ်း - ရှစ်တောင့် (ပါးပါးလှီးရန်)
  4. ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - အနည်းငယ်
  8. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်း ရှစ်တောင့်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငါးဖယ်ချဉ် ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
ချက်ပြုပ်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ 
  • ဆီပူလာပါက ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီး အကြမ်းမှုန့်ကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ငါးဖယ်ချဉ်ကို ထည့်ပေးကာ မွှေပေးပါ
  • ပြီးတာနဲ့ အရသာမှုန့် နှင့် ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • ထမင်းမြိန်ပြီး စားလို့အရမ်းကောင်းကာ အရသာ အလွန်ရှိလှသော ငါးဖယ်ချဉ်ကြော် ချဉ်ငံစပ် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment