Sunday 15 August 2021

ကိုယ်တိုင်လုပ် ပဲငပိ ငပိချက်





ဒီနေ့တော့ မာမာကိုယ်တိုင် လုပ်ထားတဲ့ ပဲငပိအနှစ်လေးတွေနဲ့ ငပိချက် ချက်ဖြစ်ပါတယ် ပဲငပိ အနှစ် လုပ်နည်းလေးလဲ နောက်ရက်တွေမှာ တင်ပေးပါမယ် ဒီနေ့တော့ ထမင်းစားလို့ မြိန်စေတဲ့ ပဲငပိ ငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ခြောက် အကောင်သေး - 150 g
  2. ပဲငပိအနှစ် - 300 g
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  6. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  12. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်

ပြင်ဆင် ချက်ပြုပ်ပုံ
  • ပဲငပိအနှစ် ပုဇွန်ခြောက် ငရုတ်သီးလုံးခြမ်းကွဲ ဆီ ဆား အချိုမှုန့် နနွင်းမှုန့်နှင့် ငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ။
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပေးထားပါ။

ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ။
  • ခရမ်းချဉ်သီးများ ထည့်ပြီးတာနဲ့ ဖိချေပြီး ကျေသွားအောင် မွှေပေးပါ။
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ပဲငပိအနှစ် ပုဇွန်ခြောက် ဆား ငံပြာရည်နှင့် အချိုမှုန့်တို့ကို ထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ရေအနည်းငယ် ထည့်မွှေပေးပြီး ၅မိနစ်လောက် ချက်ပေးကာ အရသာ မြည်းပေးပါ။
  • အရသာမြည်းပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ။
  • ပြီးတာနဲ့ မီးပိတ်ကာ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ ထည့်မွှေပေးပြီး ချဉ်ငံစပ်မွှေး ပဲငပိ ငါးပိချက်လေးကို စားရန်ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment