Saturday 14 August 2021

ပိန်းဥ ဟင်းဝါလေး

 






ဒီနေ့တော့ မာမာစိုက်ထားတဲ့ ပိန်းပင်လေးတွေက ပိန်းဥလေးတွေတူးပြီး အရည်သောက်ဆမ်းလေး တစ်မယ် ချက်ပါတယ်။

ဆောင်းရာသီ ရောက်လာရင် စိုက်ထားတဲ့ ပိန်းပင်လေးတွေဆီက ဥတွေဖော်ပြီး လတ်လတ်ဆတ်ဆတ် ချက်စားရသလို ပိန်းဥဟင်းနဲ့ လိုက်ဖက်မဲ့ ပုဇွန်ချဉ်သုပ် ပုဇွန်ချဉ်ကြော် ငါးချဉ်သုပ် ငါးချဉ်ကြော်လေး တွေလဲ ပြင်ဆင်ပြီး တွဲဖက်ကာ စားသုံးတတ်ကြပါတယ်။

တစ်ချို့က ပိန်းဥစားရင် အာယားတတ်ကြပါတယ် အာမယားအောင် အခွံခွာပြီးတာနဲ့ ဆားနဲ့ ခပ်နာနာလေး လေးပေးကာ ရေငါးထပ်လောက် ဆေးပြီးမှ ချက်စေချင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးဖယ်ချဉ်ကြော်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းဥဟင်းဝါလေး အရည်သောက်ဆမ်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ပိန်းဥ - 500g
  2. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ရေ - လိုသလောက် သုံးပေးပါ
  9. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပိန်းဥဆေးရန်)
ပြင်ဆင်ပုံ
  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးမှာ အခွံခွာပြီး ဆေးထားသော ပိန်းဥများ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား  နနွင်းမှုန့်  အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ ရေမခမ်းတစ်ခမ်း ရလာပြီး လုံးမိတာနဲ့ ရေကိုအနေတော် ထပ်ထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာပါက ဟင်းရည်အပျစ် အကျဲကို မိမိလိုသလိုပြင်၍  ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ပိန်းဥအရည်သောက်ဆမ်း ဟင်းဝါလေးကို ငါးဖယ်ချဥိကြော်လေးနှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment