Tuesday 10 August 2021

နန်းကြီးသုပ် သုပ်ရန် ကြက်သားဟင်းချက်နည်း

 


ဒီနေ့တော့ နန်းကြီးသုပ် သုပ်တဲ့အခါမှာ အဓိက ပါဝင်ရတဲ့ ကြက်သားဟင်း ချက်နည်းလေးကို လာလာပြီး မေးကြလွန်းလို့ ပြောပြပေးချင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ချက်နည်းတွေ တူချင်မှ တူကြပါလိမ့်မယ် အခုချက်နည်းကတော့ မာမာ့အမေ ချက်တဲ့ နည်းလေးပါ ဒါကြောင့်မို့လို့ မာမာ့အမေ ချက်နည်းအတိုင်း ချက်ထားတဲ့ ကြက်သားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ကြက်သားပြုပ်ရန် ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 500 g 
  2. နနွင်းမှုန့် - လက်ဖပ်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်သားဆီသတ်ရန် ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီး အသားထွင်ထားသော ကြက်သားများ
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  3. ကြက်သွန်နီ - အနေတော် ငါးလုံး
  4. နနွင်းမှုန့် - လပ်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားဆီသတ်ရန်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားဆီသတ်ရန်)
  9. ဆီ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် 1 1/2 cups (ကြက်သားဆီသတ်ရန်)
  10. အုန်းနို့ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် 1cup (ကြက်သားဆီသတ်ရန်)

ကြက်သားပြုပ်ရန် ပြင်ဆင်ပုံ
  • ကြက်သားကို အတုံးလိုက် ရေစင်အောင်ဆေးပြီး ဆား ငါးငံပြာရည် နနွင်းမှုန့်နှင့် အရသာမှုန့်တို့ ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲမှာ ကြက်သားကို ထည့်ပေးပြီး ရေမြုပ်အောင်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
  • ကြက်သားပြုပ်ထားတာ ရေခမ်းတာနဲ့ အအေးခံပြီး ပုံပါအတိုင်း ရှည်ရှည်အမြှောင်းလေးတွေရအောင် အသားနွှင်ပေးထားပါ
ကြက်သားဆီသတ်ရန်
  • ပြုပ်ပြီး နွှင်ထားသော ကြက်သားများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို တစ်ခါထဲထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ကြက်သွန်များ ခပ်မွမွလေး ဖြစ်လာတာနဲ့ အသားနွှင်ထားသော ကြက်သားကို ထည့်မွှေပေးပါ
  • ကြက်သားထည့်ပြီးတာနဲ့ ဆား ငါးငံပြာရည်နှင့် အရသာမှုန့် တို့ကို ထည့်မွှေပေးကာ ဆက်ပြီးချက်ပေးပါ
  • အရသာ သမလောက်တာနဲ့ အုန်းနို့နှင့် ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်များ နွမ်းအိသွားအောင် ချက်ပေးပါ
  • ပြီးတာနဲ့ ရေခမ်းပြီး ဆီပြန်တဲ့အထိ တည်ပေးကာ အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရလာတဲ့အထိ ပြင်ပေးပါ
  • ချက်ထားသော ကြက်သားများ ဆီပြန်လာတာနဲ့ မီးပိတ်ပေးထားကာ အုန်းနို့နံ့လေး မွှေးနေတဲ့ ကြက်သားဟင်းကို အသုပ် သုပ်ရန် ပြင်ဆင်နိူင်ပါပြီ။

No comments:

Post a Comment