Monday 16 August 2021

ပိန်းရိုးဟင်းခါး

 







စိတ်ထဲမှာ ပိန်းရိုးဟင်းခါး ပူပူလေး သောက်ချင်တာနဲ့ ပုဇွန်ခြောက်မှုန့်လေးထောင်းကာ ဟင်းခါးတစ်မယ် ချက်ထားပါတယ်။
ဆောင်းတွင်းရောက်ရင် ပိန်းပင်လေးတွေက ဥဖော်ချိန် ရောက်လာပြီမို့လို့ အရိုးလေးတွေလဲ သိပ်ပြီးမထွားတော့ပါဘူး ဒါပေမဲ့လဲ ဟင်းခါးချက်သောက်လို့ ရတဲ့အတွက် ပိန်းရိုးလေးတွေကို အရည်သောက်ဆမ်း ချက်ဖြစ်ခဲ့ပါတယ်။

ဒီနည်းလေးကတော့ မာမာ့အမေ မာမာတို့မောင်နှစ်မတွေကို အမြဲတမ်း ချက်ကျွေးတဲ့ နည်းလေးပါ ဒါကြောင့်မို့လို့ ဒီတစ်ခါမှာလဲ အမေ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပိန်းရိုး - ခပ်သေးသေး အချောင်းနှစ်ဆယ်ခန့်
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ဟင်းအိုးထဲထည့်ရန်)
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  7. ငါးပိရည်ကျို - ထမင်းစားဇွန်း နှစ်ဇွန်းခန့်

ပြင်ဆင်ပုံ
  • ပိန်းရိုးများကို အရင်ဆုံး အကြောသင်ပေးပါ
  • အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ပြီးတာနဲ့ ရေ၂ထပ်လောက် ဆေးပေးပါ
  • ငါးငပိရည်ကို ဇလုံတစ်လုံးထဲမှာထည့်ပြီး ရေနွေးပူပူ လောင်းထည့်ကာ အရည်ဖျော်ပေးကာ အရိုးများဖယ်ထားပြီး အရည်ပါငင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့်ရောပြီး မညက်တစ်ညက် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပိန်းရိုးများ ငပိအရည်ဖျော်ထားသော ငပိရည်နှင့် ရေအနည်းငယ် ထည့်ပေးပါ ပြုပ်ပေးပါ
  • ပြုပ်ထားသော အရည်များ မခမ်းသေးခင် နောက်ထပ်ရေ လိုသလောက် ထည့်ပေးပြီး ပုဇွန်ခြောက်မှုန့် ခပ်ပေးပါ
  • ပြီးတာနဲ့ ပိန်းရိုးများ နူးတဲ့အထိ ဆက်တည်ပေးပါ
  • ပိန်းရိုးများ နူးလာတာတဲ့ ဆား အရသာမှုန့်နှင့် ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းတို့ကို ထည့်ပေးပါ
  • ဟင်းရည် အပျစ်အကျဲကို မိမိစိတ်ကြိုက် ထည့်ပေးကာ ဟင်းရည်အိုး ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ငါးဖယ်ချဉ်သုပ်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းရိုးဟင်းခါး အရည်သောက်ဆမ်း ဟင်းခါး ပူပူလူလူလေးကို ပြင်ပေးနိူင်ပါပြီ။
မှတ်ချက်။ ။ တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့် ကိုင်ပေးပါ။
ငါးပိရည်ကျို အရည်လေး ထည့်ချက်ခြင်းအားဖြင့် ပိန်းရိုးဟင်းခါး သောက်တဲ့အခါ အာယားတတ်သူတွေအတွက် အာမယားတော့ပါ။

No comments:

Post a Comment