Tuesday 17 August 2021

မုန့်စိမ်းပေါင်း

 


ဒီနေ့တော့ မုန့်စိမ်းပေါင်း စားချင်တာနဲ့ လက်ဝင်ပေမဲ့ လုပ်စားဖြစ်ပါတယ် မြန်မာမုန့်လေးတွေ စားရတာ အရမ်းကြိုက်တဲ့အတွက် နေ့စဉ်နေ့တိုင်း လုပ်စားဖြစ်တဲ့ မြန်မာမုန့်လေးတွေထဲက မုန့်စိမ်းပေါင်း လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်မှုန့် -  ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
  2. ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းတိတိ
  3. မုန့်လုပ်ထန်းလျှက်ခဲ ချေပြီးသား - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (ထန်းလျှက်ရည်ကျိုရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ထန်းလျှက်ရည်ကျိုရန်)
  6. ဇကာစိတ်စိတ် - တစ်ခု
  7. ပေါင်းအိုး - အစုံတစ်အိုး 
  8. မုန့်စိမ်းပေါင်း ပေါင်းမည့်ဗူး - တစ်ခု
  9. ပိတ်စသန့်သန့် - သုံးစ
  10. နှမ်းထောင်း - လိုသလောက်
  11. အုန်သီးမှုန့် - လိုသလောက်
  12. မုန့်စစ်ဇကာ - တစ်ခု

ထန်းလျှက်ရည်ကျိုရန်
  • ဇောက်အနည်းငယ်နက်သော အိုးထဲမှာ ထန်းလျှက် ဆားနှင့် ရေအနည်းငယ် ထည့်ပေးပြီး ပျော်အောင် ကျိုပေးပါ
  • ထန်းလျှက်များ အရည်ပျော်လာပါ ခပ်ပျစ်ပျစ်လေး ရအောင်ကျိုပြီး အအေးခံထားပါ

ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတခုထဲမှာ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကို သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ရေကိုနည်းနည်းချင်းယူကာ ဆန်မှုန့်အပေါ်မှာ ဖျန်းဖျန်းပေးပြီး နယ်ပေးပါ
  • ရေအများကြီး မထည့်မိစေရန် သတိထားပါ
  • ရေနည်းနည်းချင်း ထည့်နယ်ရင်းက ဆန်မှုန့်သား စိုလာပြီဆိုရင် ရပါပြီ
  • မုန့်သားစစ်ရန် ဇလုံတစ်ခုကို အောက်ခံထားပြီး ဇလုံပေါ်မှာ အပေါက် ခပ်စိတ်စိတ်ပါသော ဇကာကို တင်ပေးပါ
  • ထိုဇကာထဲကို မုန့်သားကို နည်းနည်းချင်းယူကာ လက်နှင့်ဖိဖိပြီး တိုက်ချပေးပါ
  • မုန့်သားကုန်တဲ့အထိ ဇကာနှင့် တိုက်ချပေးပါ
  • ပြီးတာနဲ့ ပေါင်းဇကာပေါ်မှာ ပိတ်စကို ခင်းပေးပါ
  • ထိုပိတ်စပေါ်မှာ အမှုန့်စစ်ထားသော ဆန်မှုန့်မုန့်သားကို ထည့်ပေးကာ ပိတ်စကို အုပ်ပေးပါ
  • ပေါင်းအိုးအောက်ခံ အိုးထဲကို ရေတစ်ဝက်သာသာ ဖြည့်ပေးပြီး ဆူအောင်တည်ပေးပါ
  • ထိုရေဆူနေတဲ့ အိုးပေါ်မှာ ဆန်မှုန့်စစ်ပြီး ထည့်ထားသော ပေါင်းအိုးဇကာကိုတင်ကာ ပေါင်းပေးပါ
  • ပေါင်းချိန် ဆယ်မိနစ်လောက် ပေါင်းပေးပြီးတာနဲ့ မီးပိတ်ပေးပါ
  • ပေါင်းထားသော ဆန်မှုန့်ပေါင်းကို ဇလုံတစ်ခုထဲ သွန်ချပေးပါ
  • ဆန်မှုန့်ပေါင်းပြီးသားကို အသာဖွပေးပြီး မုန့်သားအဖြူအတွက် အနည်းငယ် ဖယ်ထားပေးပါ
  • မုန့်သားအဖြူအတွက် ချန်သားသော ဆန်မှုန့်ပေါင်းပြီးသားကို ရေထမင်းစားဇွန်း တစ်ဇွန်းလောက်နဲ့ ခပ်ဖွဖွလေး နယ်ထားပါ
  • ကျန်မုန့်သားကို ထန်းလျှက်ရည် နည်းနည်းခြင်း ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
  • ထန်းလျှက်ရည် နယ်ပြီးသား မုန့်သားရလာတာနဲ့  မုန့်စိမ်းပေါင်းလုပ်မည့် ဗူးထဲကို ထည့်ဖိုပြင်ပေးပါ
မုန့်စိမ်းပေါင်း ပေါင်းရန်
  • မုန့်ပေါင်းမည့် ဗူးထဲကို အဝတ်စတစ်စ  ဖြန့်ခင်းပေးပြီး ထည့်ပေးပါ
  • ဗူးရဲ့အောက်ဖက် အထဲကို မုန့်သားအဖြူကို ခင်းပြီးထည့်ပေးကာ အနည်းငယ်လောက်ဘဲ ဖိသိပ်ပေးပါ 
  • မုန့်သားအဖြူ ထည့်ပြီးပါက ထန်းလျှက်ရည် နယ်ထားသော မုန့်သားကို ထည့်ပေးကာ အနည်းငယ်လောက်ဘဲ ဖိသိပ်ပြီး ထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းခံဇကာပေါ်မှာ အဝတ်စ တစ်ကိုစ ခင်းလိုက်ပါ
  • ပြီးတာနဲ့ ထိုမုန့်သားများ ထည့်ထားသော မုန့်ဗူးကို ပေါင်းခံဇကာပေါ်က အဝတ်စပေါ်မှာ ပြောင်းပြန်မှောက်ပြီး တင်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေအနည်းငယ် ထည့်ပေးပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ မုန့်သားထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပြီး အဖုံးအုပ်ကာ ၁၅မိနစ် ပေါင်းပေးပါ
  • ဆယ့်ငါးမိနစ် ပြည့်တာနဲ့ မုန့်စိမ်းပေါင်း ချိုစိမ့်စိမ့်လေး ရပါပြီ
  • မုန်းစိမ်းပေါင်းကို ဗန်းတစ်ခုထဲ မှောက်ချပြီး ဘေးဘက်မှ အနေတော် လှီးချပြီး ပန်းကန်ပြား တစ်ချပ်ထဲကို ထည့်ပေးကာ နှမ်းထောင်းနှင့် အုန်းသီးမှုန့်ဖြူးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment