Thursday 5 August 2021

ငါးဖယ်လုံး မန်ကျည်းရွက် ငပိချက်

 


ငါးဖယ်ခြစ်ပြီးသားလေးတွေ ဝယ်လာပြီး ဒီနေ့တော့ မန်ကျည်းရွက်လေး အုပ်ကာ ချဉ်ငံစပ် ငပိချက်လေး ချက်ဖြစ်ပါတယ်။
ချဉ်ငံစပ်လေး ဖြစ်တဲ့အတွက် ထမင်းစားလို့ အရမ်းကို မြိန်စေလို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးဖယ်လုံး မန်ကျည်းရွက် ငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်ခြစ် - 250 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဖယ်ခြစ်ထောင်းရန်)
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဖယ်ခြစ်ထောင်းရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးဖယ်ခြစ်ထောင်းရန်)
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးဖယ်ခြစ်ထောင်းရန်)
  6. မန်ကျည်းရွက် - လက်သုံးဆုပ်စာလောက်
  7. ငရုတ်သီး အစပ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး (ငရုတ်သီး အစပ်နှင့်ရောထောင်းရန်)
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ငရုတ်သီး အစပ်နှင့်ရောထောင်းရန်)
  10. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီး အစပ်နှင့်ရောထောင်းရန်)
  11. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းအိုးထဲထည့်ရန်)
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲ ထည့်ရန်)
  14. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ငါးဖယ်ခြစ်ထောင်းရန် ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ညက်နေအောင် ထောင်းပေးပါ 
  • ငါးဖယ်ခြစ်ကို ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း စပါးလင် ဆား ငရုတ်သီး အရောင်တင်မှုန့် အရသာမှုန့်နှင့် နနွင်းမှုန့်တို့နှင့် ရောနယ်ကာ စေးပိုင်နေအောင် ထောင်းပေးပါ
  • ထောင်းပြီးတာနဲ့ ငါးဆုတ်လုံးလေးတွေ လုံးထားပေးပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • မန်ကျည်းရွက်ကို အဆင်သင့် ပြင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီးရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီး ထောင်းပြီးသားကို ထည့်ကြော်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ မျှင်ငါးပိကို ထည့်မွှေပေးပါ
  • မျှင်ငါးပိနံ့လေး သင်းလာတာနဲ့ ရေအနည်းငယ် ထည့်ပေးကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ငဖယ်လုံးလေးတွေကို ထည့်မွှေပေးပါ
  • ငါးဖယ်လုံးလေးတွေ မာတင်းလာတော့မှ ဆား ငံပြာရည် အရသာမှုန့်နှင့် ရေအနည်းငယ် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နောက်ဆုံးမှ မန်ကျည်းရွက်များ ထည့်ပေးကာ မွှေပေးပါ
  • ​ရေမခမ်းခင် ဆီလည်ရေလည် အနေအထားလေး ရသွားတာနဲ့ ငါးဖယ်လုံး ငပိချက် ချဉ်ငံစပ်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment