Sunday 29 July 2018

ချဉ်ငံစပ် ငှက်ပျောဖူးဟင်း










ငှက်ပျောဖူးလေး ဝယ်လာပြီး ချဉ်ငံစပ်လေး ချက်ဖြစ်ပြန်ပါတယ် ထမင်းစားမြိန်တဲ့ ဟင်းလေးဖြစ်လို့ ငှက်ပျောဖူးလေးများ ရခဲ့ရင် ချက်စားလို့ရအောင် ငှက်ပျောဖေးဆေးနည်းနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောဖူး  - အနေတော် တစ်ဖူး
  2. ငရုတ်စိမ်း - နှစ်သက်သလောက် (သို့ ) 
  3. ငရုတ်သီးမှုန့် အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ပုဇွန်ငပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - နှစ်မွှာ
  7. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
  8. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  9. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (သို့ ) ပုဇွန်ထုတ် သုံးကောင်
ငှက်ပျောဖူးဆေးရန်

  1. ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များကို ဖယ်ပေးပါ
  2. ထိုရင့်နေသော အဖတ်ပေါ်မှ ပေါ်လာသော ငှက်ပျောပွင့်များကို သတ်သတ်ဖယ်ထားပါ
  3. ငှက်ပျောဖူးမှ ရင့်နေသောအဖတ်များ ကုန်သွားပါက ဓါးပြတ်ပြတ်နှင့် မထူမပါး လှီးပေးပါ
  4. ငှက်ပျောဖူးမှ အစေးများ အကုန်နီးပါး ထွက်သွားစေရန် ဆားထမင်းစားဇွန်း နှစ်ဇွန်းနှင့် သံပုရာသီး နှစ်လုံးတို့ကို အရည်ညှစ်ကာ လှီးထားသော ငှက်ပျောဖူးတို့နှင့် ရောပြီး ခပ်နာနာ နယ်ပေးပါ
  5. ငှက်ပျောဖူးများ အစေးများ ကုန်သွားစေရန် ရေ ၅ထပ်လောက် ဆေးပေးပါ
ပြင်ဆင်ပုံ
  • ဆေးထားသော ငှက်ပျောဖူးကို ပြင်ထားပါ
  • ငရုတ်သီးစိမ်းနဲ့ ချက်မယ်ဆို ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးပေးပါ
  • ငရုတ်သီး အရောင်တင်မှုန့် သုံးမယ်ဆိုရင် ပြင်ထားပါ
  • ကြက်သွန်နီ အနေတော် တစ်ခြမ်းကို ခပ်နုတ်နုတ်လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  • မျှင်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း (သို့ )ငရုတ်သီးအရောင်တင်မှုန့် နှင့် ကြက်သွန်အဖြူ အနီကို မွှေးလာအောင် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထည့်ကြော်ပါ
  • ငှက်ပျောဖူးအနည်းငယ် နွမ်းတာနဲ့မျှင်ငပိ ဆား ပုဇွန်စိမ်း ၃ ကောင်မျှ သို့်မဟုတ် ပုဇွန်ခြောက်မှုန့်ထည့်ကာ မွှေပေးပါ
  • ပြီးတာနဲ့ ရေကို ငှက်ပျောဖူး ဖုံးမြုပ်အောင် ထည့်ပေးကာ ဆူပွက်လာသည်အထိ ချက်ပေးပါ 
  • ရေဆူပြီး ပွက်လာပြီဆိုလျှင် မကျည်းသီးမှည့်ကို ပျစ်ပျစ်လေး ဖျော်ထဲ့ကာ အရသာ မြည်းပေးပါ
  • အရသာကို လိုသလို ပြင်ပေးပြီး ဆီကျန်ရေကျန် အနေထားရအောင် တည်ပေးပါ
  • ငှက်ပျောဖူးများ နူးအိလာပြီဆိုရင် မီးပိတ်ပေးပါ
  • ထမင်းစားမြိန်စေမဲ့ ငှက်ပျောဖူး ချဉ်ငံစပ် နူးနူးအိအိလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment