Friday 27 July 2018

စပါးလင် ဆီချက်ချက်နည်း






ဒီနေ့တော့ ဗီယက်နမ် အစားအသောက် အများစုမှာ မပါမဖြစ်တဲ့  စပါးလင်ဆီချက်လေး ချက်ပါတယ် ဒီဆီချက်လေးတွေက ဗီယက်နမ် လူမျိုးအများစုက တစ်ခြားအစား အစာတွေနဲ့ တွဲဖက်ပြီး စားကြပါတယ်။

တစ်ခါတစ်လေမှာ သူတို့လို ချက်စားချင်တဲ့အတွက်  ဒီဆီချက် ချက်နည်းလေးကို သူငယ်ချင်း ဗီယက်နမ်မလေးဆီက သင်ယူထားတဲ့အတိုင်း ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. စပါးလင် အရင်းပိုင်း -  ခြောက်လက်မခန့် လေးပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ
  3. ငရုတ်သီးအစပ် လုံးခြမ်းကွဲ - ထမင်းစားဇွန်း ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး

ပြင်ဆင်ပုံ
  • စပါးလင် အရင်းပိုင်းကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • လှီးထားသော စပါးလင်ကို ငရုတ်ဆုံရှိပါက ငရုတ်ဆုံနှင့် ညက်အောင် ထောင်းပေးပါ
  • ငရုတ်ဆုံ မရှိပါက အသီးအရွက် ကြိတ်ရာတွင် အသုံးပြုသော ဗလင်ဒါထဲမှာ ရေအနည်းငယ်နှင့် စပါးလင်ကိုထည့်ကာ ညက်နေအောင် ရောကြိတ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ပုံပါအတိုင်းရအောင် မညက်တစ်ညက် ကြိတ်ပေးပါ
  • ငရုတ်သီး အစပ်တောင့်ကို ပုံပါအတိုင်း လုံခြမ်းကွဲရအောင် ကြိတ်ပေးပါ
  • အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  • အိုးပူလာတာနဲ့ ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ စပါးလင်ထောင်း ငရုတ်သီး လုံးခြမ်းကွဲ ကြက်သွန်ဖြူထောင်းတို့ကို တခါထဲ ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  • စပါးလင်ထောင်း ကြက်သွန်ဖြူထောင်းနှင့် ငရုတ်သီး လုံးခြမ်းကွဲတို့ မွှေးလာပြီး အနည်းငယ် ကြွတ်လာပါက မီးပိတ်ပေးပါ
  • မီးဖိုပေါ်မှာ လက်ကျန်မီး အပူရှိန်နှင့် ကြွတ်နေအောင် ဆက်ကြော်ပေးပါ
  • ဒယ်အိုးအသား ပါးပါက ခနလေးနှင့် ကျွမ်းသွားတတ်တဲ့အတွက် အိုးအသားထူတာကို  ရွေးသုံးပါ
  • စပါးလင်ဆီချက်က ကျွမ်းသွားတဲ့အခါ ခါးတတ်တဲ့အတွက် သတိထားပြီး မွှေမွှေပေးပါ
  • စပါးလင်ဆီချက်လေး မွှေးပြီးကြွတ်လာတာနဲ့ အဖတ်များကို ဆီစစ်ပြီး အေအးခံထားပါ
  • ဆီများကိုလဲ အအေးခံထားပါ
  • နှစ်မျိုးလုံး အေးသွားပါက ပန်းကန်လုံး တစ်ခုထဲမှာ ရောပေးပြီး မွှေးပြီးစပ်နေတဲ့ စပါးလင်ဆီချက်ကို ခေါက်ဆွဲကြော် ခေါက်ဆွဲပြုပ် ကြာဇံကြော် ကြာဇံပြုပ် အသားပြုပ် အစရှိသည်တို့နှင့် တခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။

No comments:

Post a Comment