Tuesday, 17 July 2018

သံပုယိုသီးအမွှာ ငါးပိထောင်း




ဒီတခါတော့ သံပုယိုသီး အမွှာလေးတွေနဲ့ စားလို့အရမ်းကောင်းလွန်းတဲ့ ချဉ်ငံစပ် ငါးပိထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံပုယိုသီး - အလုံးကြီးကြီး တလုံး
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
  • ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ဆားကို ပန်းကန်လုံး တလုံးထဲမှာ ထည့်ပေးပြီး ရေလက်ဖက်ရည် ပန်းကန်လုံး တလုံးစာနှင့် ဖျော်ထားပါ
  2. သံပုယိုသီးကို အခွံခွာပြီး အဖြူရောင်အကာများ မပါအောင်ဖယ်ပေးပြီး အသားမွှာလေးတွေ ထွင်ပေးပါ
  3. ထို ထွင်ထားသော သံပုယိုသီး အဖတ်လေးများကို ဆားရည်ဖျော်ထားသော ရည်ထဲမှာ စိမ်ထားပါ
  4. ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
  5. မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တလုံးထဲ ပုဇွန်ငါးပိကိုကပ်ကာ ကင်ပေးပါ
  6. အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
  7. ငရုတ်သီးစိမ်းကို လှော်ထားပါ
  8. အားလုံး အဆင်သင့် ဖြစ်တာနဲ့ အရင်ဆုံး ငရုတ်ဆုံထဲမှာ ပုဇွန်ခြောက်ကို ညက်အောင်ထောင်းပေးပါ
  9. ပုဇွန်ခြောက် ညက်တာနဲ့ လှော်ထားသော ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ထည့်ထောင်းပါ
  10. အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
  11. ပြီးတာနဲ့ ပုဇွန်ငါးပိထောင်းကို သံပုယိုသီးအမွှာ အဖတ်နှင့် ရောမွှေပေးကာ ချဉ်ငံစပ်ပြီး မွှေးနေသော ငါးပိထောင်းကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment