Saturday, 29 July 2017

မုန့်ဟင်းခါးချက်ရန် ငါးဆီသတ်နည်း

ငါးဆီသတ်

ငါးပြုပ်ရည် ဖယ်ထားသောငါးပြုပ်

ငါးပြုပ်ကို အသားမွထားပါ

ငရုတ်သီးတောင့်နှင့် စပါးလင်များကို ထောင်းပါ

စပါးလင်ထောင်းကို အရည်ငင်ထားပါ

စပါးလင် ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ

ဗလင်ဒါထဲမှာ ကြိတ်ပေးပါ

ငရုတ်သီး ကြိတ်ပြီးသား

ငရုတ်သီး ဆီသတ်ရန်

ငရုတ်သီးနံ့ သင်းလာတာနဲ့ငါးပြုပ် ဆား
အရသာမှုန့် ငါးငံပြာရည်တို့ကိုထဲ့ပေးပါ

ဆီခြောက်ပြီး ငါးအသားမွလာတဲ့အထိ 
ဆီသတ်ပေးပါ
ဒီတခါတော့ ဘာဆာငါးပြားလေးတွေ ဝယ်လာတာ များသွားတော့ မုန့်ဟင်းခါး ချက်စားချင်စိတ် ပေါ်လာခဲ့ရင် အဆင်သင့် ချက်စားလို့ ရလေအောင် မုန့်ဟင်းခါးချက်ဖို့ ပြင်ထားပါတယ်။

ဘာဆာငါးနဲ့ ငါးပြုပ်တာဖြစ်လို့ အရိုးထွင်ရတာတော့ သက်သာပါတယ် တစ်ခြားငါးတွေနဲ့ ဆီသတ်ရတာထက် အရိုးမထွင်ရတဲ့အတွက် အချိန်ကုန်တာ နဲနဲသက်သာပါတယ် ဒါကြောင့်မို့လို့  မာမာပြင်ဆင်ထားတဲ့ ငါးဆီသတ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငါးပြုပ်ရန် ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - တကီလို
  2. ငါးငံပြာရည် - ထမင်းစားဇွန်း ၈ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်သီးအခြောက်တောင့် - ၇တောင့်
  6. စပါးလင် - ၃ပင်
ငါးပြုပ်ရန် ပြင်ဆင်ပုံ
  1. ဘာဆာငါးကိုရေစင်အောင် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမှာ ထဲ့ထားပေးပါ
  2. စပါးလင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း ထုပေးကာ ထုံးပေးထားပါ
  3. ငါးထဲ့ထားသော အိုးထဲမှာ ငါးနှင့်အတူ ငရုတ်သီးတောင့် ဆား နနွင်းမှုန့် စပါးလင် ငါးငံပြာရည်နှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  4. ငါးများနူးလာပါက မီးပိတ်ပြီး အအေးခံပေးပါ
  5. ငါးကို အအေးခံထားကာ အေးလာပါက ပြုပ်ထားသောငါးကို အသားမွှ  ထားပေးပါ
  6. ငရုတ်သီးတောင့် ငါးပြုပ်ရည်နှင့် စပါးလင်တို့ကို ပြန်သုံးရန်အတွက် ဖယ်ထားပါ။
ငါးဆီသတ်ရန် ပြင်ဆင်ပုံ
ပါဝင်ပစ္စည်းများ (ငရုတ်သီးထောင်းရန်အတွက်)
  1. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  2. ချင်း - 100 g
  3. ကြက်သွန်နီ - 400 g
  4. ကြက်သွန်ဖြူ - 150 g
  5. စပါးလင် အပင်င်္ကြီးကြီး - ၁၅ပင်
ငရုတ်သီးထောင်းဖို့ပြင်ဆင်ရန်

  1. စပါးလင် ၁၅ပင်ခန့်ကို ရေစင်အောင်ဆေးပြီး ခပ်ပါးပါး လှီးပေးကာ မညက်တညက် ထောင်းထားပါ
  2. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  3. ကြက်သွန်ဖြူများကို အခွံခွာကာ ရေဆေးထားပါ
  4. ကြက်သွန်နီ 200 g ကို အခွံပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ (ဆီသတ်ဖို့ သတ်သတ်ဖယ်ထားပါ)
  5. ကြက်သွန်နီ 200 g ကိုအခွံခွာထားပြီး ရေဆေးကာ ခပ်ထူထူ လှီးထားပါ
  6. ငရုတ်သီး အရောင်တင်မှုန့်ကို ပြင်ထားပါ
  7. အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဘလင်ဒါထဲထည့်ပြီး တစ်မိနစ်ကြိတ် တခါနားကာ ၁၀ခါလောက် ကြိတ်ပေးပါ
  8. ဘလင်ဒါ မရှိပါက ငရုတ်ဆုံထဲထဲ့ပြီး ညက်နေအောင် ထောင်းပေးထားပါ။

ငါးဆီသတ်နည်း

  1. ဒယ်အိုးထဲမှာ ဆီနှစ်ဆယ်သား နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တ၀က်ကိုထည့်ပြီး အပူပေးပါ
  2. ဆီပူလာတာနဲ့ ကြိတ်ထားသော ငရုတ်သီးအစာများကို မွှေးလာအောင် ဆီသတ်ပေးပါ
  3. ငရုတ်သီး ဆီသတ်နံ့  မွှေးလာတဲ့အထိ ဆီသတ်ပေးပါ 
  4. ဆီသတ်နေစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
  5. ဆီသတ်ချိန် ၅မိနစ်လောက် မွှေပြီးတာနဲ့ငါးပြုပ်ပြီးသား အသားများ ငါးပြုပ်ရည် အနည်းငယ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၅ဇွန်း အချိုမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲတို့ကို ထဲ့မွှေပေးပါ
  6. ငါးအသားများ မွလာတာနဲ့ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံပေးထားပါ
ငါးပြုပ်အရည်ငင်ရန်

  1. ငါးပြုပ်ရည်ထဲမှ စပါးလင်နှင့် ငရုတ်သီးတောင့်များကို ဗလင်ဒါထဲထဲ့ပြီး ညက်နေအောင် ရောပြီကြိတ်ပေးပါ 
  2. ဗလင်ဒါ မရှိပါက ငရုတ်ဆုံထဲမှာ ထဲ့ထောင်းပေးပါ
  3. အားလုံးညက်အောင် ကြိတ်ပြီးပါက ငါးပြုပ်ရည် လက်ကျန်နှင့် ရေအနည်းငယ်ရောကာ ထောင်းတာတာတွေကိုထည့်ပြီး အရည်ငင်ပေးပါ
  4. အရည်ငင်တဲ့အခါမှာ စပါးလင်နှင့် ငရုတ်သီးဖတ်များ မပါရအောင် ဇကာစိတ်စိတ်လေး ခံပေးကာ အရည်စစ်ပေးပါ
  5. အရည်ငင်ပြီးတာနဲ့ အရည်စစ်ပြီးသား စပါးလင်ဖတ်များနှင့် ငါးအရိုးများကို လွှင့်ပြစ်လိုက်ပါ
  6. ပြီးတာနဲ့ အရည်စစ်ပြီးသား ငါးပြုပ်ရည်များကို နောက်တစ်ခါ ဇကာစိတ်စိတ်လေးနှင့် အိုးတစ်လုံးခံကာ အရည်စစ်ပေးပါ
  7. အရည်စစ်ပြီးသော အရည်များကို ပွက်ပွက်ဆူအောင် ကျိုပေးပြီး အအေးခံထားပေးပါ
  8. ကျိုထားသော ငါးပြုပ်ရည်များ အေးသွားပါက လေလုံသော ဗူးလေးများနှင့် ထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာထဲ့ပြီး သိမ်းထားပါ
  9. မုန့်ဟင်းရည် ချက်မည်ဆိုပါက မချက်ခင် နှစ်နာရီလောက် ကျိုထုတ်ထားပြီး အရည်ဖျော်ပြီးမှ မိမိလိုသလောက် ထုတ်ယူကာ ချက်ယူနိုင်ပါတယ်။
ငါးဆီသတ်နှင့် ငါးပြုပ်ရည်သိမ်းရန်
  1. ငါးပြုပ် အရည်ငင်ထားကာ ပြုပ်ပြီးအအေးခံထားသော ငါးပြုပ်ရည်ကို လေလုံအိတ်ထဲထည့်ကာ သေသေချာချာ လုံအောင် ပိတ်ထားပါ
  2. ငါးဆီသတ်ပြိး အအေးခံထားတာ အေးသွားပါက လေလုံသော အိတ်လေးများနှင့် ထည့်ပြီး လေလုံအောင် ထုတ်ပေးပါ
  3. အားလုံး ထုတ်ပေးပြီးတာနဲ့ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ခဲထားကာ မုန့်ဟင်းခါး ချက်ခါနီးမှ မိမိလိုသလောက်ကို ထုတ်ပြီး ယူသုံးနိုင်ပါပြီ။

No comments:

Post a comment