Thursday, 20 July 2017

ခရမ်းသီး ပုဇွန်ထုတ်နှပ်


ခရမ်းသီး ပိန်ပိန်ရှည်ရှည်လေးတွေ ရလာတော့ အစက စိတ်ထဲမှာ ပြုပ်ပြီးတို့စရာလုပ်မယ်ပေါ့ ရေခဲသေတ္တာထဲမှာ ငါးပိရည်ကြိုမယ်ဆိုပြီး ငါးပိပုလင်းလေး ကြည့်လိုက်တော့ ကုန်နေပြီ ဒါနဲ့ဘဲ ပုဇွန်ထုတ်နဲ့ ချက်လိုက်တာဘဲ ကောင်းပါတယ်ဆိုပြီး  ထမင်းမိန်စေမဲ့ ခရမ်းသီးနှပ်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ် မကြာမကြာ ချက်ဖြစ်သလို မကြာမကြာလဲ ဘလော့မှာ တင်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ခရမ်းသီး - အလုံးရှည်ရှည် ၁၂လုံး
  • ပုဇွန်ထုတ် - ၁၀ကောင်ခန့်
  • မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  • ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • လှီးထုတ်ထားသော ခရမ်းသီးအညှာများကို ရေဆေးပြီး ထည့်ချက်နိုင်ပါတယ်
  • ပုဇွန်ထုတ်ကို အခွံမခွာဘဲ ခေါင်းခွံဘဲခွာကာ ကြောဘက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ငရုတ်သီး အရောင်တင်မှုန့် ဆီ နနွင်းမှုန့်နှင့် ပုဇွန်ထုတ်များကို ဇောက်နက်သော အိုးထဲထည့်ပြီး  အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment