Friday, 14 July 2017

ဝက်ကလီစာ ကော်ရည်ဆမ်း အစိမ်းကြော်


ဟင်းအမယ်စုံအောင်ချက်ဖို့ အချိန်မရတဲ့ အခါမျိုးမှာ အခုလို ဟင်းတမယ်ထဲနဲ့ ထမင်းစားလို့မိန်အောင် ချက်နိုင်တဲ့အတွက် ဒီနေ့တော့ ၀က်ကလီစာလေးတွေနဲ့ အစိမ်းကြော်လေး ကြော်ဖြစ်လို့ မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ဝက်ကလီစာ - 250g ( နှစ်သက်ရာ အသားသုံးနိုင်ပါတယ်)
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  • ဘရိုကိုလီ - ၃ခက်ခန့်
  • မုံလာဥနီ - အနည်းငယ်
  • ခရမ်းချဉ်သီး - အနေတော်၁လုံး
  • ပန်းဂေါ်ဖီ - ၄ခက်ခန့်
  • ကြက်သွန်မြိတ် - ၂ပင်
  • ချင်း - လက်မ၀က်ခန့်
  • ရွှေပဲသီး - ၅တောင့်
  • တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ခရုဆီ - ထမင်းစားဇွန်း တဇွန်း
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  • ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - အနည်းငယ်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၆ဇွန်းခန့်
ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တ၀က်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ - လက်ဖက်ရည်အကြမ်းပန်ကန်လုံး ၂လုံးစာ (အားလုံးကို ပျော်သွားအောင် ဖျော်ထားပါ)

ပြင်ဆင်ပုံ

  • ဝက်ကလီစာများကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ပေးပါ ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ရည်ခမ်းတာနဲ့ ခပ်ပါးပါး လှီပေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး လးစိတ်လှီးထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက်အနေ ခပ်ကြမ်းကြမ်းထူထူလေး လှီးထားပေးပါ
  • ပန်းဂေါ်ဖီ ဘရိုကိုလီ မုံလာဥနီတို့ကို ရေဆေးပြီး သင့်သလို လှီးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးများ ရအောင် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပီးဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကိုထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ လှီးထားသော ပန်းဂေါ်ဖီ ဘရိုကိုလီ ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ပြီး ဆယ်ထားပါ
  • ခရမ်းချဉ်သီးကိုလဲ သတ်သတ်ထည့်ပြီးကြော်ကာ ဆယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထပ်ထည့်ပြီး လှီးထားသော ချင်းကိုထည့်ကြော်ပေးပါ အနည်းငယ် မွှေးလာတာနဲ့ ပြုပ်ပြီးလှီးထားသော ဝက်ကလီစာများကို ထည့်ကြော်ပေးပါ
  • ၀က်ကလီစာများက ကျက်ပြီးသား ဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို ပါဝင်သော ဆား သကြား ပဲငံပြာရည်အကြည် ခရုဆီ ပဲငံပြာရည်အနောက် သကြား စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်ကြော်များထည့်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပေးကာ ကော်ရည်ပျစ်အောင် မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သွန်မိတ်နှင့် ရွှေပဲသီးကိုထည့်ကာ မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး တရုတ်မဆာလာ ဖြူးပေးပြီး ပူပူလူလူလေး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment