Wednesday, 2 August 2017

ကြက်သားဘူးသီး အရည်သောက်ဆမ်း








ဒီနေ့တော့ ဘူးသီးဝယ်ကာ ကြက်သားနဲ့ ရောပြီးချက်ထားတဲ့ စားမိန်ဟင်းတမယ်အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား -  ၃ဆယ်သားခန့်
  • ဘူးသီးလှီးပြီးသား - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် တလုံးစာ
  • ကြက်သွန်နီ - အနေတော်တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • စပါးလင် - ၂လက်မခန့်
  • ချင်း - လက်တဆစ်ခန့်
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • ရေ - လိုသလောက်
ပြင်ဆင်ပုံ
  • ကြက်သားကို  ရေဆေးပေးပြီးမှ နှစ်သက်သလို ခုတ်ကား ငံပြာရည် ဆား နနွင်း အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ဘူးသီးကို အခွံခွာပြီး တ၀က်ခြမ်း၍ ရေဆေးပေး၍  ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ခပ်ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ငရုတ်သီးထောင်းနှင့်အတူ အရသာနယ်ထားသော ကြက်သားကိုထည့်ပြီး ငရုတ်သီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အရသာနယ်ပြီးတာနဲ့ရေအနည်းငယ်ထဲ့ကာ မီးအားအနေတော်ဖွင့်ပြီး လုံးချက်ချက်ပေးပါ
  • ချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက ဘူးသီးနှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ဘူးသီးနူးအောင် တည်ပေးပါ
  • ဘူးသီးနူးတာနဲ့ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကြက်သားဘူးသီး အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment