Monday, 7 August 2017

ကြက်ဥ ထမင်းကြော်



တခါတလေကျ မာမာ့မိတ်ဆွေတွေက မာမာရေ နေတာက အနောက်နိုင်ငံမှာ ချက်ပြီးတင်တာက မြန်မာအစာတွေဘဲ တွေ့ရတယ်လို့ ပြောကြတိုင်း မာမာ့ဆီက အဖြေက ရိုးရိုးလေးဘဲ ဖြေမိတာ များပါတယ်။

အနောက်တိုင်း အစားအစာတွေကို အမှန်အတိုင်း ပြောရရင် မာမာကိုယ်တိုင် မကြိုက်ပါ ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုပေမဲ့  အရသာ ပေါ့ပျက်ပျက်နဲ့ အစာတွေက မာမာ့ကို စွဲဆောင်မှု အားနည်းစေတာဘဲလား မာမာကဘဲ ချဉ်ငံစပ်တွေကို နှစ်သက်နေတာလားတော့ မသိပါဘူး ဘာလေးစားစား ချဉ်ငံစပ်နေမှ ကြိုက်ပါတယ်။

ဒါပေမဲ့လဲ ရံဖန်ရံခါတော့ ပေါ့ပျက်ပျက် အရသာမပါတဲ့ အစာတွေကို ကျန်းမာရေးကြောင့် စားသုံးရတဲ့ အခါမျိုးလဲ ရှိတတ်ပါတယ် ဒီနေ့တော့ ကျန်းမာရေးအတွက် ဆီးချိုသမားတွေအတွက် သင့်လျှော်မဲ့ ထမင်းကြော်ဖို့ ပြင်ဆင်ထားလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ချက်ထားပြီး အအေးခံထားသော ထမင်း - တရုတ်ဟင်းပြင်ပန်းကန် တလုံးစာ
  • ကြက်သွန်ဖြူ -၂မွှာ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်( ကြက်ဥခလောက်ရန်နှင့် ထမင်းကြော်ရန်)
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ - တလုံး
ပြင်ဆင်ပုံ
  1. ချက်ထားသော ဘာစမာတီထမင်းကို အအေးခံထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ကြက်ဥကို ဆားအနည်းငယ်ထည့်ပြီး ခလောက်ထားပါ
  4. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီကို ထည့်ပါ
  5. ဆီ ပူလာတာနဲ့ ကြက်သွန်ဖြူကို နွမ်းသွားအောင် ကြော်လိုက်ပါ
  6. ကြက်သွန်ဖြူ နွမ်းတာနဲ့ အအေးခံထားသော ထမင်းနှင့် အရသာမှုန့် ဆားကို ထည့်ကြော်ပါ
  7. ၂မိနစ်လောက် ကြော်ပြီးရင် ခလောက်ထားသော ကြက်ဥကို ထည့်ပြီးမွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  8. ကြက်ဥထမင်းကြော် မွှေးမွှေးလေး ရပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေပြီး စားပွဲပြင်နိုင်ပါပြီ
  9. စားလို့အလွန်ကောင်းပြီး လွယ်ကူမြန်ဆန်သော ထမင်းကြော်ကို ကြက်သားကြော်နှင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

No comments:

Post a Comment