Thursday, 31 August 2017

ဗယာကြော် စိမ့်စိမ့်လေး









သမီးငယ်က ဗယာကြော် မစားရတာ ကြာနေပြီဆိုတော့ ဗယာကြော် ကြော်ပေးဖြစ်တာမို့လို့ ဒီနေ့ကြော်ဖြစ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်၊၊

ပါဝင်ပစ္စည်း

  • ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  • ခပ်သေးသေး အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - ထမင်းစားဇွန်းမောက်မောက် ၁၅ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၈မွှာ
  • ခပ်ကြမ်းကြမ်း လှီးထားသော ပျဉ်းတော်သိမ်းရွက် - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက် 
  • ခပ်သေးသေး လှီးထားသော ငရုတ်သီးစိမ်း - ၁၀တောင့် (အစပ်ကြိုက်ပါက ပိုထည့်ပေးပါ)(သို့)
  • ငရုတ်သီး အခြောက်တောင့် - စားနိုင်သလောက်
  • ဆန်အစိမ်းမှုန့် - ထမင်းစားဇွန်းမောက်မောက် ၄ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (ကြက်သားမှုန့် သုံးရင်လဲရ)
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တသက်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီးအခြောက်တောင့် - အတောင့်၂၀ခန့်
  • ဆီ - လိုသလောက်
ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ကျောက်ခဲ မပါအောင်ရွေးပြီး ရေ ၆နာရီလောက် စိမ်ပေးပါ (မာမာကတော့ မနက်ကြော်ဖို့အတွက် ည၉နာရီလောက်ထဲက ရေစိမ်ထားလိုက်ပါတယ်)
  • ဆန်မှုန့်  အရသာမှုန့် ဆား ပျဉ်းတော်သိမ်းရွက် ကြက်သွန်နီ ငရုတ်သီးစိမ်း သို့ ငရုတ်သီး အခြောက်တောင့်တို့ကို အဆင်သင့် ပြင်ထားပေးပါ
  • ရေစိမ်ထားသော ပဲများကို ရေ၃ခါလောက်ဆေးပြီး ရေများမကျန်အောင် စစ်ထားပေးပါ
  • ရေစစ်တော့မှ ဗလင်ဒါစက်ထဲထည့်ပြီး မိနစ်ဝက်တခါကြိတ် တခါနားပြီး ဘေးမှာကပ်နေသော ပဲများကို အောက်ကို တွန်းချပေးပါ
  • ပထမ မိနစ်ဝက် ၄ခါလောက် ထည့်ကြိတ်ပေးပါ
  • ပဲများ အရမ်းကြေစရာမလိုဘဲ ပဲခပ်ကြမ်းကြမ်းလေးရရင် ရပါပြီ
  • ကြိတ်ပြီးသား ပဲများကို ဇလုံကျယ်ကျယ် တလုံးထဲကို ပြောင်းထည့်ပြီး ဆီမှလွဲပြီးဆား အရသာမှုန့် လှီးထားသော ကြက်သွန်နီနှင့် အရွက်များ အားလုံးထည့်ပြီး ရောနယ်ပေးပါ
  • ပဲနယ်ပြီးသားကို ဗယာကြော် တခုစာအနေလောက် မှန်းယူပြီး လက်နှင့်ခပ်ဖွဖွ ဆုပ်ပေးပြီးမှ ဖွဖွလေး ပြားပြီး ဆီအိုးထဲ အသာထည့်ပေးပါ
  • ဆီကိုအပူပေးလိုက်ပါ ဆီပူလာပါက မီးကို အလယ်အလတ်လောက် လျော့ပြီးမှ ပဲဆုပ်လုံးလေးများကို တခုခြင်းထည့်ပေးပါ
  • မီးအရမ်းမပြင်းအောင် သတိထားပြီးကြော်ပေးပါ
  • တဖက် ရွှေဝါရောင်သန်းလာပါ နောက်တဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်ပြီဆိုရင် စားသုံးနိုင်ပါပြီ
ငရုတ်သီးတောင့်ကြော်ရန်
  • ငရုတ်သီးတောင့်ကို လိုသလောက် ပြင်ထားပါ
  • ကြော်လက်စဆီများ များနေပါက အိုးထဲမှာ ထမင်းစားဇွန်း တဇွန်းလောက်ဘဲ ချန်ထားပြီး မီးကိုလျော့ပြီးမှ ငရုတ်သီးတောင့်ကို ထည့်ကြော်ပါ
  • ငရုတ်သီးတောင့် နီညိုရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဗယာကြော် မွှေးမွှေးစပ်စပ်လေးကိုငရုတ်သီးတောင့်ကြော်နှင့်တွဲဖက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment