Friday 18 August 2017

ပဲကြော် ကြွတ်ကြွတ်လေး







မကြာမကြာ ကြော်ဖြစ်တဲ့ အကြော်လေးပါ တခါကြော်ဖြစ်တိုင်း တခါစမ်းလိုက်နဲ့ ပဲကြော်ကြော်တိုင်း စိတ်တိုင်းကျမှ ကျေနပ်တတ်လေတော့ ဒီတခါ ကြော်ဖြစ်တဲ့နည်းလေး ထပ်ပြီးမျှဝေလိုက်ပါတယ်


ပါဝင်ပစ္စည်းများ (အချပ်ကြီး ၁၀ချပ်စာ)

  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. တန်ပူရာမှုန့် - 150 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူးကို လက်တလုံးစာ လျှော့ထည့်ပါ
  4. ဆီ - ၂လီတာခန့်

ပြင်ဆင်ပုံ
  • ပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ပေးကာ အပေါက်ပါသော ဇကာဖြင့်အုပ်ပြီး တစ်ညလောက် ရေစိမ်ထားပါ
  • မနက်ရောက်လျှင် ရေစိမ်ပြီး ပွနေသော ပဲများကို ရေ၂ထပ်လောက် ဆေးပေးပြီး ရေစစ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့်ပျော်အောင်ဖျော်ပြီး ရေစစ်ထားသောပဲနှင့် ရောမွှေပါ
  • အောက်ခြေ မကပ်သော ဒယ်အိုး၂ခုကို သုံးပါ
  • ဒယ်အိုးအသေးနှင့် ဒယ်အိုးအကြီးကို ပြိုင်တူအပူပေးထားပါ
  • အိုးပူလာတာနဲ့ ဒယ်အိုးအသေးထဲကို ဆီတ၀က်သာသာ ထည့်ပါ 
  • ဒယ်အိုးအကြီးထဲကို ဆီများများထည့်ပေးပါ
  • အိုးထဲမှဆီအငွ့ တက်လာတာနဲ့ ဆီအိုး၂ခုလုံးမှ မီးကို အလယ်လောက်အထိ လျှော့ပေးပါ
  • ဆီပူလာတာ အနေတော် ဖြစ်ပါက တန်ပူရာမှုန့် အနှစ်စပ်ထားသော ပဲရည်ဖျော်ကို ဟင်းချိုခပ် ယောက်ချိုဇွန်းနှင့် သမအောင်မွှေပြီး ဇွန်းတ၀က်သာသာ ခပ်ပြီး ဆီအိုး အသေးထဲကို ထည့်ပေးပါ
  • ဆီအိုးထဲ ထည့်ရာမှာ ဇွန်းကိုစောင်းပြီး အိုးဘေးအနားဘက်မှ စပြီး အ၀ိုင်းပုံသဏ္ဌန် လှည့်ပြီး အလယ်ကိုရောက်တဲ့အထိ ဖြန့်ပြီးထည့်ပေးပါ
  • ပဲစေ့များပြန့်နေမှ အကျက်ညီမှာ ဖြစ်တဲ့အတွက် ပဲစေ့များ ပုံနေပါက အကျက်မညီဘဲ ဖြစ်သွားတတ်ပါတယ်
  • ပဲအနှစ်များ ထည့်ပြီးပါက လှန်ပေးစရာမလိုဘဲ သူ့ဘာသာသူ ကြွတ်ပြီးမွတက်လာမှ အသာလေး ဆယ်ပြီး ဆီအိုးအကြီးထဲသို့ ပြောင်းခည့်ပေးပါ 
  • ဆီအိုးအကြီးထဲမှာ ခနဘဲ ကြော်ပေးပြီး ဆယ်ကာ ဆီစစ်ဇကာပေါ်မှာ တင်ပြီး ဆီစစ်ပေးပါ
  • နောက်ထပ် ကျန်သောအချပ်များကိုပထမ ကြော်သည့်အတိုင်း ထည့်ကြော်ပေးပါ 
  • အိုးအသေးထဲမှာ ဆီနည်းသွားပါက အိုးအကြီးထဲမှ ဆီကို အပူခံဇွန်း ခပ်ကြီးကြီးနှင့် ခပ်ယူကာ အိုးအသေးထဲကို ခပ်ထည့်ပေးပါ
  • ဆီအိုးထဲကို ပဲရည်ခပ်ထည့်စဉ် အပြင်ကို ဝေကျတတ်တဲ့အတွက် ဖြေးဖြေးချင်း ထည့်ပေးပါ
  • အထက်ဖော်ပြပါ နည်းအတိုင်း ပထမအချပ်အတိုင်း ဆက်ကြော်ပေးပါက အကြော်၁၀ချပ်ရပါမယ်
  • အားလုံကြော်ပြီး ဆီစစ်သွားပါက နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment