Thursday, 1 June 2017

ငါးနုသန်း အချဉ်ချက်




ဗီယက်ဆိုင်သွားတော့ ငါးနုသန်းလေးတွေ ရလာခဲ့တယ် ဘယ်လိုချက်ရင်ကောင်းမလဲ စဉ်းစားမိရင်းက ချဉ်ငံစပ် လေး ချက်ဖြစ်လို့ ထမင်းပူပူနဲ့ စားချင်စိတ်ပေါ်တဲ့အခါ ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ငါးနုသန်း - 500g
  • ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ထောင်းထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ထောင်းထားသော ချင်း - လက်တဆစ်ခန့်
  • ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တဇွန်း
  • မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နံနံပင် - နှစ်သက်သလောက်
  • ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်

ငါးအရသာနယ်ရန်
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးနုသန်းကို ဇလုံကျယ်ကျယ်ထဲထဲ့ပါ
  • ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်သာသာနှင့် ငံပြာရည် ထမင်းစားဇွန်း တဇွန်းတို့ထဲ့ပါ
  • နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံနှင့် အရသာမှုန့် တို့ထဲ့ပါ
  • အားလုံးထဲ့ပြီးပါက အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
ဟင်းချက်ရန်
  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်လက်ဖက်ရည်ဇွန်း လေးပုံတပုံတို့ကိုအရင်ထဲ့ပြီး ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထဲ့မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားမာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထဲ့ ငံပြာရည် ထမင်းစားဇွန်း တဇွန်းထဲ့ပြီး အိုးအဖုံးအုပ်ပြီးတည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ်ကိုထဲ့ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ
  • ငါးအသားက နုလွန်းတဲ့အတွက် မွှေစရာမလိုဘဲ အိုးမကပ်အောင် အိုးကိုအသာလေး လှုပ်ပေးပါ
  • ဆီကျန်ရေကျန် အနေတော်လေးဖြစ်လာပါက အရသာမြည်းပြီး နံနံပင်အုပ်ကာ အိုးအဖုံးအုပ်၍ မီးပိတ်ပေးပါ 
  • နံနံပင်နံ့သင်းသင်းလေးနဲ့ ချဉ်ငံစပ်အရသာကောင်းတဲ့ ငါးနုသန်းအချဉ်ချက် ဟင်းလေးရပါပြီ။

No comments:

Post a Comment