Sunday, 25 June 2017

ကြက်သား ငါးပိချက်


အရသာ လျှာကသိ ဆိုသလိုပါဘဲ ထင်းစားတိုင်း တမ်းတမိတာက ငါးပိချက်လေး ငါးပိရည်ကျိုလေး ပါမှ လေးလေးပင်ပင်လေး ရှိတတ်ပါတယ်။ ဒီနေ့တော့ ငါးပိချက်လေး ချက်အုံးမှပါဆိုပြီး ရေခဲသေတ္တာအဖွင့် ကြက်သားတွေတွေ့တာနဲ့ ကြက်သားငါးပိချက်လေး စားချင်လာမိပြန်တယ် ဒါကြောင့်မို့  ထမင်းမိန်မိန် စားရလေအောင် ကြက်သားငါးပိချက်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • အနေတော် အတုံးလေးတွေ တုံးထားသော ကြက်သား - 300g 
  • ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  • နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - ၄မွှာခန့်
  • ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး (သို့မဟုတ်) ready made ၄၀၀ဂရမ်ဗူးကို သုံးပေးပါ
  • ဆီ - ဟင်းခတ်ဇွန်းကြီး တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထဲ့ပါ ပြီးတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ကိုမွှေးလာတဲ့ထိ ကြော်ပေးပါ
  • ငရုတ်သီးမှုန့်မွှေးလာတာနဲ့ ကြက်သားကို အနည်းငယ် မာလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သားများ အနည်းငယ် မာလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများလိတ်လာတာနဲ့ အရသာမှုန့် ငံပြာရည် ငါးပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာကိုမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ကြက်သားငါးပိချက် မွှေးမွှေးလေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်နိုင်ပါပြီ။
  • ငါးပိချက် အရောင်ပိုလှအောင် ရိုးရိုး ခရမ်းချဉ်သီးအစား ready made ဗူးကို သုံးထားပါတယ်။

No comments:

Post a Comment