Friday 23 June 2017

ခရမ်းချဉ်သီးသုပ်


အခုရက်ထဲ မာမာတစ်ယောက် အိမ်အလုပ်တွေ များနေပေမဲ့ ဟင်းတွေတော့ ချက်ဖြစ်ပါတယ် ဒါပေမဲ့လဲ သတ်သတ်လွတ်လေးတွေ စားနေတဲ့ သမီးငယ်လေးအတွက် အသုပ်စုံလေးတွေ သုပ်ဖြစ်တာမို့လို့ ဒီနေ့တော့ လူတိုင်းပြင်ဆင်တတ်တဲ့ လွယ်ကူမြန်ဆန် ခရမ်းချဉ်သီး အသုပ်စုံ သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  2. နံနံပင် - မိမိနှစ်သက်သလောက်
  3. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်း
  7. သံပုရာသီး - တစ်စိတ်
  8. ငရုတ်သီးစိမ်း - စားနိုင်သလောက်

ပြင်ဆင်ပုံ
  1. ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. နံနံပင်နှင့်ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  3. အသုပ်ထဲထည့်ရန် လိုအပ်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  4. လှီးထားသော ခရမ်းချဉ်သီးများကို ဇလုံကျယ်ကျယ်ထဲမှာ ထည့်ပေးပါ
  5. လက်ဖက်အကြော်စုံ နံနံပင်  ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်း သံပုရာရည်တို့ကိုထည့်ပြီး ခပ်ဖွဖွနယ်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  6. နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီး သတ်သတ်လွတ် ခရမ်းချဉ်သီးသုပ် ချဉ်ငံစပ်လေးကို ထမင်းပူပူ ရေနွေးကြမ်းလေးနှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment