Monday 19 June 2017

သရက်သီးဆားရည်စိမ် ကြက်သားကြော်ထောင်း


အရင်နှစ်က ထည့်ထားတဲ့ သရက်သီး ဆားရည်လေးတွေ ဒီနှစ်သရက်သီး မပေါ်ခင်ထုတ်ပြီး သုပ်စားလိုက် ထောင်းစားလိုက်နဲ့ ဒီနေ့တော့ ကြက်ကြော်တွေ ပိုနေတာနဲ့ ရောသမမွှေကာ ထောင်းစားဖြစ်ပြန်ပါတယ် ထမင်းဝိုင်းအတွက် အအီပြေ အရံဟင်း တစ်မယ်အတွက် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နံနံပင် - နှစ်သက်သလောက်
  4. ကြော်ပြီးသား ကြက်သား - ၃တုံးခန့်
  5. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက် ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြော်ထားသော ကြက်သားကို အသားမွထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံကြီးကြီးထဲမှာ နံနံပင်မှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာ မလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးကာ နံနံပင်ထည့်မွှေပေးပြီးပါက ကြက်ကြော်ထောင်းလေး ရပါပြီ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသား ဖြစ်တဲ့အတွက် အငံထည့်စရာ မလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာ ပါဝင်တဲ့ သရက်သီးဆားရည်စိမ် ကြက်သားကြော် ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment