Monday, 12 June 2017

ငါးထမင်းချဉ် အစုံသုပ်







ဒီတခါတော့ ငါးထမင်းချဉ် အစုံသုပ်လေး သုပ်စားဖြစ်ပါတယ် အလုပ်နည်းနည်း ရှုတ်ပေမဲ့ အသုပ်ဆိုတာမျိုးက ဘယ်အချိန်စားစား အရမ်းကောင်းတဲ့ အစားတမျိုး ဖြစ်တဲ့အတွက် အပင်ပန်းခံကာ သုပ်စားမိတာပါဘဲ။

ငါးထမင်းချဉ် လုပ်နည်းလေးကလဲ နည်းနည်းလေး လက်ဝင်တယ် ဆိုပေမဲ့ စားတဲ့အခါ အရသာရှိလွန်းတာကြောင့် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ဆန် ခပ်ပျော့ပျော့ချက်ထားသော ထမင်း - တရုတ်ဟင်းပြင်ပန်းကန် အလတ် ၃လုံးစာ
  • ငါး - ၂၀သားခန့် (ငါးရံ့ကို သုံးထားပါတယ်)
  • ခရမ်းချဉ်သီး - အနေတော် ၅လုံး
  • အာလူး - ၃ဆယ်သား ( ပြုပ်ပြီးချေရန်နှင့်အာလူး ၂လုံးကို ခပ်ပါးပါးလှီးရန်)
  • ပဲကြာဇံ -၂ကျပ်ခွဲသား( ရေနာရီဝက်ခန့်စိမ်ပြီး ရေနွေးထဲမှာ ၄မိနစ်လောက်စိမ်ပြီး ရေစစ်ထားပါ)
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၅မွှာ (ဆီချက် ချက်ရန် )
  • ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တဇွန်းခွဲ (ဆီချက်ချက်ရန်)
  • ကြက်သွန်ဖြူ - စားနိုင်သလောက် ( အသုပ်နှင့်စားရန် )
  • ဆီ - ၃ဆယ်သား (ဆီချက်၂မျိုးချက်ရန်)
  • ငါးငံပြာရည် - လိုသလောက်
  • ဆား - လိုသလောက်
  • အချိုမှုန့်  - လိုသလောက်
  • ကြက်သွန်ဖြူ ဆီချက် - လိုသလောက်
  • ငရုတ်သီးဆီချက် - လိုသလောက်
  • မကျည်းသီးမှည့် - အနည်းငယ် (ရေနွေးလက်ဖက်ရည်ပန်းကန် ၂လုံးစာလောက်ဖြင့် စိမ်ထားပါ )
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • နနွင်းမှုန့် - လိုသလောက်
  • အချိုမှုန့် - လိုသလောက်
  • ခေါက်ဆွဲဖတ် တရုတ်ဟင်းပြင်ပန်းကန်အလတ် တလုံးစာ
  • ခပ်ပါးပါး လှီးထားသော ဂေါ်ဖီ တရုတ်ဟင်းပြင်ပန်းကန်အလတ် တလုံးမောက်မောက်
  • ခပ်ပါးပါး လှီးထားသော ကြက်သွန်နီ တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • နူးနေအောင်ပြုပ်ပြီး ခပ်ပါးပါး လှီးထားသော အာလူး တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  • နူးနေအောင် ပြုပ်ထားသော ပဲကြာဇံ တရုတ်ဟင်းပြင်ပန်းကန်အလတ် တလုံးစာ
  • ငရုတ်သီးစိမ်း စားနိုင်သလောက်
ဟင်းခါးချက်ရန်
  • ဂေါ်ဖီ အကြမ်းဖတ် - အနည်းငယ် (ဟင်းခါးချက်ရန် ခပ်ထူထူ လှီးထားပါ)
  • ပုဇွန်ခြောက်မှုန့် - အနည်းငယ် 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ (မညက်တညက် ထောင်းထားပါ)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် ၂လုံးစာကို ဆား အချိုမှုန့် ပုဇွန်ခြောက်မှုန့်တို့ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဂေါ်ဖီ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူထည့်ကာ ရေဆူအောင် ထပ်တည်ပေးပြီးရင် ဂေါ်ဖီဟင်းခါးရပါပြီ။
ကြက်သွန်ဖြူ ဆီချက်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံထည့်ပြီး ကြက်သွန်ဖြူထည့်ကြော်ပါ
  • ကြက်သွန်ဖြူများ ကြွတ်လာတာနဲ့ ဆယ်ပြီးအအေးခံထားပါ
  • ဆီကိုလဲ အအေးခံထားပါ 
  • ၂မျိုးလုံး အေးတော့မှ ပြန်ရောထားပါ။
ငရုတ်သီး ဆီချက်ချက်ရန်
  • ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အကုန်လျှော့ပြီးမှ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံနှင့် ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ
  • ငရုတ်သီးမှုန့်က ကျက်လွယ်တဲ့အတွက် ထည့်ပြီးတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးကာ မွှေပေးပါ
  • ငရုတ်သီးနံ့ သင်းလာရင် ရပါပြီ။

ငါးထမင်းလုံး လုပ်ရန်ပြင်ဆင်ပုံ

  • အာလူးကို နူးနေအောင်ပြုပ်ကာ အအေးခံပြီး အခွံခွာကာ အာလူးများကို ကျေသွားအောင် ချေထားပါ
  • ခရမ်းချဉ်သီးကို ဒယ်အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ အခွံများ ကွာထွက်လာအောင်ပြုတ်ပေးပါ
  • ခရမ်းချဉ်သီးများ အေးလာပါက ကွာထွက်နေသော အခွံများကို ခွာပြီးဖယ်ကာ အထဲမှ အစေ့များကို ဖယ်လိုက်ပါ 
  • ပြုပ်ပြီးအခွံခွာထားသော ခရမ်းချဉ်သီးများကို အိုးထဲမှာ ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း ၁ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း တ၀က်တို့ ကိုထည့်ပြီး ခရမ်းချဉ်သီးများကျေပြီး ရေခမ်းသည်အထိ ချက်ပေးပါ
  • ငါးကိုသန့်စင်ပြီး ရေစင်အောင်ဆေးကာ နနွင်းမှုန့်အနည်းငယ် ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ရေအနည်းငယ်ထည့်ကာ ရေခမ်းအောင်ပြုပ်ပေးပါ
  • ငါးပြုပ်ကျက်ပါက အအေးခံပြီး အရိုးအသား ထွင်ပေးပါ
  • ထို့ နောက် ဒယ်အိုးကို အပူပေးပြီး  ဆီထမင်းစားဇွန်း ၁ ဇွန်းခန့်ထည့်ကာ ငါးအသားများ ခြောက်သွားအောင် လှော်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတခုထဲမှာ အအေးခံထားသော ထမင်း လှော်ထားသော ငါး ချက်ထားသော ခရမ်းချဉ်သီး ချေထားသော အာလူး ဆား လက်ဖက်ရည်ဇွန်း တ၀က်တို့ ဖြင့် နယ်ပေးပါ
  • နယ်ထားသော ထမင်းများကို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ လက်တဆုတ်စာ အလုံးလေးတွေ လုံးထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ဇလုံတလုံးထဲမှာ မိမိနှစ်သက်ရာ ငါးထမင်းချဉ်လုံးနှင့် ခေါက်ဆွဲ ပဲကြာဇံ အာလူး ဂေါ်ဖီတို့ကို တပွဲစာထည့်ကာ ကြက်သွန်ဖြူဆီချက် ငရုတ်သီးဆီချက် ငံပြာရည် အချိုမှုန့် မကျည်းမှည့်ရည် ပဲအကျက်မှုန့်တို့ကို သင့်သလိုထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်သုပ်ရာမှာ တယောက်နဲ့တယောက် အကြိုက်မတူနိုင်တဲ့အတွက် မိမိနှစ်သက်သလို နှစ်သက်ရာ အစာများထည့်ပြီး သုပ်စားနိုင်ပါတယ်
  • ငါးထမင်းနယ်သုပ် ရပြီဆိုတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့ ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment