Sunday 27 June 2021

ဟင်းနုနွယ်ကြော်


တစ်ခါတလေမှာ အသီးအရွက်လေးတွေချက်တိုင်း သတိထားရတာလေးတွေ ရှိတတ်ပါတယ် အရွက်လေးတွေ မသင်ခင်မှာ အပင်လိုက်ကို ရေအရင်ဆေးပြီးမှ သင်ပေးတာ အကောင်းဆုံးပါ။

ဘာလို့အပင်လိုက် ရေအရင်ဆေးလဲဆိုရင် အရွက်တွေမှာကပ်နေတဲ့ ပိုးသတ်ဆေးတွေ အရင်ဆုံး စင်စေချင်လို့ပါဘဲ။

အရွက်တွေ သင်ပေးပြီးရင်လဲ ဇလုံထဲမှာ ရေနဲ့ဆားအနည်းငယ်ထည့်ပြီး အရွက်ထည့်ကာ ရေနာရီဝက်လောက် စိမ်ပေးပါ အခုလို စိမ်ပေးခြင်းကြောင့် အရွက်တွေမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေ ကပ်နေတာ စင်စေချင်လို့ပါဘဲ။

အရွက်ကြော်တာကတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ပြီး ကြော်တာဘဲမို့ လွယ်လွယ်ကူကူနဲ့ ကြော်လို့ရပါတယ်။

ဒါကြောင့်မို့လို့ မာမာဝယ်လာတဲ့ အနီရောင် ဟင်းနုနွယ် ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ဟင်းနုနွယ်ပင် ခရမ်းရောင် - ၁၀ပင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အရွက်ကြော်ထဲထည့်ရန် )
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အရွက်ရေစိမ်ထဲထည့်ရန် )
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဟင်းနုနွယ်ရွက်ကို အရင်ဆုံး အပင်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပေးပါ
  • ပြီးတာနဲ့ အပင်မှ အရွက်များကို အရင်ဆုံး ဖြတ်ပေးပါ
  • ပြီးတာနဲ့ အပင်ကို အလယ်မှခြမ်းပြီး အနေတော် ပိုင်းဖြတ်ကာ မာနေသော အကြောမျှင်များကို ဖယ်ထားပေးပါ
  • ထွင်ထားသော အရွက်များကို ဇလုံထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ဆားထည့်မွှေပေးပြီး နာရီဝက်ခန့် စိမ်ထားပါ
  • ထိုသိုရေ့စိမ်ထားပါက အရွက်မှာ ကပ်နေသော ပိုးကောင်လေးတွေ ထွက်လာတတ်ပါတယ်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကိုထည့်ပြီး နွမ်းရုံလေး ထည့်ကြော်ပါ
  • ပြီးတာနဲ့ ဟင်းနုနွယ်ရွက်များထည့်ပြီး ဆားနှင့် အရသာမှုန့်ထည့်မွှေပါ
  • နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့အရွက်များ နူးစေရန် ရေအနည်းငယ် ထည့်မွှေကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဟင်းနုနွယ်ကြော် ပူပူလေးကို စားသုံးနိူင်ပါပြီ။
ဟင်းနုနွယ်ရဲ့ ကောင်းကျိုးလေးတွေကို ကျန်းမာရေး ဂျာနယ်တစ်ခုမှ ကူးယူဖော်ပြပေးလိုက်ပါတယ်။

ဟင်းနုနွယ်ရွက်ဆိုတာ ကျန်းမာရေးအတွက်အလွန်ကောင်းမွန်သော စူပါအစားအစာဖြစ်သည်။ ဒီအရွက်မှာ ကယ်လိုရီပမာဏပါဝင်မှုနည်းပြီး၊အာဟာရများစွာပါဝင်ပါတယ်။ အစိမ်းရောင် chlorophyll လေးတွေနဲ့ခြယ်လှယ်ထားတဲ့ ဒီဟင်းနုနွယ်ရွက်လေးက အရေပြား၊ဆံပင်နှင့်အရိုး ကျန်းမာရေးတို့အတွက် များစွာ အကျိုးပြုပေးနေပါတယ်။ ဟင်းနုနွယ်ရွက်ကပေးနေတဲ့ ကျန်းမာရေးကောင်းကျိုးကို ဆက်ဖတ်ကြည့်ရအောင်။

 

ကျန်းမာရေးအကျိုးကျေးဇူးများ

 

ဟင်းနုနွယ်ရွက်မှာ ဗီတာမင်နှင့်သတ္တုဓာတ်တို့ကြွယ်ဝစွာပါဝင်သည့်အပြင် ခန္ဓာကိုယ်ရှိအဆိပ်အတောက်ပစ္စည်း(oxidants)တွေကိုဖယ်ရှားပေးမယ့် ဓာတ်တိုးဆန့်ကျင်အာနိသင်(antioxidants)ကြွယ်ဝစွာပါဝင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ အာဟာရဓာတ်တွေဖြစ်တဲ့ lutein,zeaxanthine,nitrates, and quercetin ဓာတ်တို့ပါဝင်ပြီး သင့်ကျန်းမာရေး အတွက် အထူးကောင်းမွန်ပါတယ်။

 

ဟင်းနုနွယ်ရွက်က ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုနေသလဲဆိုတော့…

 

မျက်စိကျန်းမာရေး

 

အစိမ်းရောင်ခြယ် ဟင်းနုနွယ်ရွက်မှာ lutein နဲ့ zeaxanthin လို့ခေါ်တဲ့ Carotenoids တွေပါဝင်ပါတယ်။ အဲ့ဒီ Carotenoids တွေက သင့်မျက်စိကိုကျန်းမာစေပြီး၊ အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မျက်လုံးအာရုံခံအလွှာ ပျက်ယွင်းခြင်း(macular degeneration)နှင့် မျက်လုံး တိမ်ဖြစ်ခြင်း တို့ကို ကာကွယ်ပေးပါတယ်။

 

နှလုံးကျန်းမာရေး

 

ဟင်းနုနွယ်ရွက်မှာ ပိုတက်စီရမ်(potassium)ဓာတ် လုံလုံလောက်လောက်ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ကျန်းမာရေးပညာရှင်ကြီးတွေက ပိုတက်စီရမ်ဓာတ်(Potassium)ဟာ သွေးဖိအားကို လျော့ကျစေပြီး၊ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကို ကာကွယ်ပေးတယ်ဆိုတဲ့ အချက်ကိုလေ့လာတွေ့ရှိရပါတယ်။ ဟင်းနုနွယ်ရွက်မှာပါဝင်တဲ့ nitrates ဓာတ်ကလည်း သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းပေးပြီး၊ နှလုံးကျန်းမာရေးအတွက် အများကြီးအကျိုးရှိစေပါတယ်။

 

ဆီးချိုကို ထိန်းပေးခြင်း

 

ဟင်းနုနွယ်ရွက်မှာ alpha-lipoic acid နှင့် အခြား ဓာတ်တိုးဆန့်ကျင်အာနိသင်(antioxidants)များစွာပါဝင်ပါတယ်။ alpha-lipoic acid က သွေးတွင်းအချိုဓာတ်ကို လျော့ကျစေပြီး၊ အင်ဆူလင်(insulin) အစွမ်းသတ္တိကို ပိုအားကောင်းစေပါတယ်။ ဆီးချိုသမားတွေမှာ ဖြစ်လေ့ရှိတဲ့ ခြေထောက်ထုံကျဉ်ခြင်း၊စပ်ခြင်း(peripheral neuropathy)ကိုလည်း သက်သာစေပါတယ်။

 

ကင်ဆာရောဂါကာကွယ်ခြင်း

 

ဓာတ်တိုးဆန့်ကျင်အာနိသင်(antioxidants)များစွာပါဝင်သည့်အပြင် ဟင်းနုနွယ်ရွက်မှာ glucuronides နှင့် methylenedioxyflavonol ဓာတ်တို့ပြည့်စုံလုံလောက်စွာပါဝင်ပါတယ်။ အဲ့ဒီဓာတ်ပစ္စည်းတွေက ရောင်းရမ်းမှုတွေကို သက်သာစေပြီး၊ ကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်တချို့အရ ရင်သားကင်ဆာနှင့် မျိုးဥကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတယ်လို့ဆိုထားပါတယ်။

 

သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတယ်။

 

သွေးအားနည်းရသည့် အကြောင်းရင်းများတွင် သံဓာတ်အားနည်း၍ သွေးအားနည်းခြင်းသည် အဖြစ်များသည်။ သံဓာတ်လုံလုံလောက်မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ဟေမိုဂလိုဘင်(haemogloblin)မော်လီကျူးကို တည်ဆောက်လို့မရပါဘူး။ ဟင်းနုနွယ်ရွက်မှာ သံဓာတ်ပါဝင်တဲ့အတွက် နေ့တိုင်းစားပေးရင် သွေးအားမနည်းအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

 

အရိုးကျန်းမာရေး

 

ဟင်းနုနွယ်ရွက်မှာ အရိုးကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်ကေ နှင့် မက်ဂနီစီယမ်ဓာတ် (Vitamin K & magnesium) တို့ ပေါများစွာပါရှိပါတယ်။ Vitamin K ဟာအရိုးကျိုးလွယ်နှုန်းကို လျှော့ချပေးပြီး၊ Vitamin D နှင့်အတူ အရိုးသိပ်သည်းဆ ကောင်းလာအောင် အားဖြည့်ကူညီပေးပါတယ်။

 

ခုခံအားကောင်းစေခြင်း

 

ဓာတ်တိုးဆန့်ကျင်အာနိသင်(antioxidants)တွေဖြစ်တဲ့ lutein,zeaxanthin,beta carotene နှင့် chlorophyll တို့က သင့်ရဲ့ခုခံအားစနစ်ကို အားကောင်းစေပါတယ်။ သင်ဟာခုခံအားကောင်းနေရင် သင့်ဆီကို ရောဂါပိုးမွှားတွေအလွယ်တကူ မဝင်ရောက်နိုင်တော့ပါဘူး၊ ပြီးတော့ သင့်ကို အမြဲကျန်းမာနေစေမှာပါ။

 

ကိုယ်ဝန်ဆောင်ကျန်းမာရေး

 

Folate(folic acid) က ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် အရမ်းကိုအရေးကြီးလိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။ Folate ဓာတ်က ဗိုက်ထဲကကလေး ကြီးထွားနေတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးလာအောင်နှင့် ကလေးကို မွေးရာပါ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဟင်းနုနွယ်ရွက်စားပေးခြင်းက Folate ဓာတ်ရရှိမှုနှုန်းကို တိုးပွားစေပြီး ကိုယ်ဝန်ဆောင်ကျန်းမာရေးကို ကောင်းမွန်စေမှာပါ။

ပြီးတာနဲ့ သံဓါတ်တွေ အများကြီပါတဲ့ ဟင်းနုနွယ်ရွက်ကြော်ကို ပူနေတုန်းလေး မိမိနှစ်သက်သလို နှစ်သက်သလို စားသုံးနိူင်ပါပြီ

No comments:

Post a Comment