Thursday 3 June 2021

တို့ဟူးကြော်






ဒီနေ့တော့ သမီးငယ်လေးလဲ ကျောင်းပြန်ဖွင့်ကာနီးတာနဲ့ သူမပြန်ခင် တို့ဟူးကြော်လေး ကြော်ပေးဖြစ်ပါတယ် စားလို့ကောင်းတယ် မေမေရေလို့ ပြောလိုက်တိုင်း ဘယ်လောက်မောမော အမောတွေကို ပြေလို့ပေါ့နော်။

ဒါကြောင့်မို့လို့ နေ့လည်နေ့ခင်း အပျင်းပြေ စကားလေးပြောရင်း စားရလေအောင် မာမာပြင်ဆင်ပြီး တို့ဟူးကျိုနည်းနဲ့ ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ကုလားပဲ အစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ပဲရည်စစ်ရန် ဇကာစိတ်စိတ် - တစ်ခု
  5. ဇောက်နက်ပြီး အိုးအသားထူသောအိုး - တစ်လုံး
ပြင်ဆင်ပုံ
  • ကုလားပဲ ပဲအစိမ်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးကို ရေ ၁၄ဗူးခွဲနှင့် ၅နာရီလောက် အနည်းဆုံးစိမ်ထားပါ
  • ပဲကျိုပြီးသား ပဲအနှစ်ထည့်ရန် အနေတော်ဗူးကို ဆီသုတ်ထားပေးပါ
  • ပဲကျိုမည့်အိုးကို အောက်ခြေထူသော အိုးကိုသုံးကာ အပူပေးပါ
  • အိုးပူလာတာနဲ့ ရေစိမ်ထားသော ပဲရည်ကြည်ကို အရင်ထည့်ပြီး ၂မိနစ်လောက် ပြစ်လာအောင် ကျိုလိုက်ပါ
  • ပဲရည်ကြည် ပြစ်လာတာနဲ့ ကျန်နေသော ပဲအနှစ်များကို မုန့်လုပ်လျှင်သုံးသော ဂျုံစစ်ဇကာခံကာ ပဲရည်အိုးထဲလောင်းချပါ
  • ဆီနှင့် ဆားတို့ထည့်ပြီး ဆက်တိုက်မွှေပေးပါ
  • ၁၁မိနစ်လောက်နေရင် ပဲအနှစ် ပြစ်လာပြီ ဆိုတာနဲ့ ဆီသုပ်ထားသော ဇလုံထဲကို ခပ်မြန်မြန်လောင်းချပါ
  • မျက်နှာပြင် ညီအောင်ညှိပြီး နာရီ၀က်လောက် အေအးခံကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။

တို့ဟူးနှစ်ပြန်ကြော်ရန်
  • တို့ဟူးကို နည်းနည်း ခပ်ထူထူ အနေတော် အတုံးလေးများ လှီးထားပါ
  • ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့မီးကိုအနေတော် လျှော့ပေးကာ တို့ဟူးကို တစ်တုံးခြင်း ထည့်ကြော်ပေးပါ
  • တို့ဟူးတုံးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အေအးခံထားပါ
  • ကြော်ပြီးသားများ အေးလာတော့မှ နောက်တစ်ကြိမ် ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အလယ်လောက်ထိ လျော့ချပြီးမှ ကြော်ပြီးသားတို့ဟူးများကို တခုခြင်း အိုးဆန့်သလောက်ထည့်ကာ ပြန်ကြော်ပေးပါ
  • မိနစ်၀က်လောက်ဘဲ ကြော်ပြီး ပြန်ဆယ်ပေးကာ ဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့တို့ဟူးကြော် စိမ့်စိမ့်မွှေးမွှေးလေးကို နှစ်သက်ရာ အချဉ်နှင့်တို့ကာ စားနိုင်ပါပြီ။

No comments:

Post a Comment