Friday 25 June 2021

အာလူး အရည်သောက်ဆမ်း


ထမင်းဝိုင်းမှာ အရည်သောက်လေးပါမှ ထမင်းစားလို့ကောင်းပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ငါးဆားနယ်ကြော်ကို ငရုတ်သီးစပ်စပ်နဲ့ကြော်ပြီး ငါးဆားနယ်ကြော်နဲ့ လိုက်ဖက်လွန်းတဲ့ အာလူးအရည်သောက် ကြော်ချက်လေး တစ်မယ်ချက်လိုက်ပါတယ်။

စားချင့်စဖွယ် စားမြိန်အရည်သောက် ဟင်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အာလူး - အနေတော် လေးလုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်ဥ - တစ်လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • အာလူးကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • အိုးတစ်လုံးထဲမှာ အာလူး နနွင်းမှုန့် ဆား ဆီ အရသာမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ နှင့်ရေအနည်းငယ်တို့ကိုထည့်ကာ သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး ဟင်းလုံးမိအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး သုံးမိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ရေအနည်းငယ် ထပ်ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပါ
  • ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တစ်လုံးခွဲစာ ထည့်ပြီး ဆူအောင်တည်ပါ
  • ဟင်းရည်ဆူလာပြီး အာလူးများ နူးလာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူနေတုန်းမှာ ကြကဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥများ ကျက်တာနဲ့ အာလူးအရည်သောက် ဟင်းပွဲကို ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment