Thursday 10 June 2021

ငါးနုသန်း အချဉ်ဆီပြန်ဟင်း



 

မနေ့က ငါးမြွေထိုးကို အချဉ်ဆီပြန်လေး ချက်ထားတာ စားလို့ကောင်းလွန်းလို့ ဒီနေ့တော့ ငါးနုသန်းလေးတွေကို အချဉ်ဆီပြန်လေး ချက်ဖြစ်ပါတယ်။

ငါးနုသန်းငါးက ငါးနုသန်း ဆိုတဲ့အတိုင်း သူ့အသားက အရမ်းနုညံ့ပါတယ်  ငါးကိုဆေးကြောပြီး အရသာ ချက်ဖို့ စပြီးပြင်ဆင် ကတည်းက အရသာ နယ်ရတာကအစ ဟင်းချက်တဲ့ အချိန်အထိ အရမ်းကြမ်းတမ်းလို့ မရပါဘူး။

ဟင်းချက်တဲ့အခါ ပါဝင်ပစ္စည်းတွေကတော့ ငရုတ်ကောင်းမှုန့် မထည့်တာရယ် နံနံပင် အုပ်ပေးတာကလွဲရင် အားလုံးက မနေ့ကချက်တဲ့ ငါးမြွေထိုးဟင်း ချက်တဲ့နည်းနဲ့ အတူတူပါဘဲ  ဒါကြောင့်မို့လို့ ဒီနေ့ မာမာချက်ဖြစ်တဲ့ ငါးနုသန်းဟင်း အချဉ်ဆီပြန် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးနုသန်း - 500 gm
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ (ဟင်းချက်ရန်)
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  7. ဆား ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  8. မဆလာ လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  10. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  13. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  14. ဆီ ထမင်းစားဇွန်း - ငါးဇွန်း
  15. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  16. နံနံပင် - မိမိနှစ်သက်သလောက်

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ငါးရဲ့အမြှီး ဆူးတောင်များနှင့် နူတ်ခမ်းမွှေးများကို ဖယ်ပေးပါ 
  • ပြီးတာနဲ့ ဗိုက်ခွဲပြီး မလိုတာတွေ ထုတ်ပေးပြီး ပါးစပ်အောက်ထဲမှ ပါးဟက်များကို ထုတ်ပေးပါ
  • ပြီးတော့မှ အကောင်လိုက်ကို ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးကို တဖက် သုံးချက်လောက် လိုက်မွှန်းပေးပါ
  • ဟင်းချက်တဲ့အခါမှာ အကောင်လိုက် မချက်ချင်ရင်တော့ ထက်ဝက်ပိုင်းပေးပါ
  • မာမာကတော့ ငါးဆီသတ်ရတာ လွယ်အောင်လို့ အကောင်လိုက်လေးဘဲ ချက်ထားပါတယ်
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးနုသန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးပါ
  • ယောင်းမနှင့် အရမ်းကြီး ထိုးမွှေပါက ငါးအသားက နူးညံ့လွန်းတဲ့အတွက် ကျေမွကုန်တတ်ပါတယ်
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ဆီမပြန်ခင် အရည်လေး နည်းနည်းကျန်နေချိန်မှာ နံနံပင်နှင့် မဆလာအုပ်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ဆီပြန်အောင် ချက်ပေးပြီးမှ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ငါးနုသန်း အချဉ်ဆီပြန် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment