Tuesday 1 June 2021

ကြက်ဥ သီးစုံပဲ ချဉ်ရည်ဟင်း


 ဒီနေ့တော့ ကျောင်းနှစ်ပါတ်ပိတ်တုန်း ခနပြန်လာလည်တဲ့ သမီးလေးအတွက်  ကြက်ဥနဲ့ သီးစုံချဉ်ရည်ဟင်းလေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ 
  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ကြက်ဥ - ငါးလုံး
  3. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  4. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  5. အာလူး - အနေတော် သုံးလုံး
  6. ခရမ်းသီး အရှည်တောင့် - ငါးလုံး
  7. ရုံးပတေသီး - ဆယ်တောင့်
  8. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  12. ကြက်သွန်နီ - အနေတော် တစ်ခြမ်း (ဟင်းဆီသတ်ရန်)
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  14. ချင်း - လက်တစ်ဆစ်ခန့်
  15. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  16. ကုလားလေး မဆလာ - တစ်ထုတ်ဆီ
  17. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတစ်နူး ပဲအခြမ်းလိုက် အနေအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာကာ ပါတ်ပါတ်လည် မွှန်းထားပါ
  • ခရမ်းသီးကို ထက်ဝက်ပိုင်းပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ရုံးပတေသီးကို ရေဆေးပြီး အမြှီးပိုင်းနှင့် အညှာာကို ဖြတ်ကာ ထက်ဝက်ပိုင်းထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ခရမ်းသီး အာလူးများ ဆား အရသာမှုန့်တို့နှင့် ငံပြာရည်တို့  ထည့်မွှေပြီး ဆီဆက်ပြီးသတ်ပါ
  • ငရုတ်သီး ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်ဥ အာလူး နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက်ဆူပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေးမဆလာ ပျဉ်းတော်သိမ်းရွက်နှင့် ရုံးပတေသီးတို့ ထည့်ပြီးမွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာ သုံးလေးမိနစ်လောက် ရပါက မီးပိတ်ပေးပြီး ကြက်ဥ ပဲနှင့် သီးစုံချဉ်ရည်ဟင်းကို  သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment