Tuesday 22 June 2021

ဒညင်းသီး အုန်းဆီဆမ်း

 






 

ဒညင်းသီးလေးတွေ ဝယ်ထားပြီး ပြုပ်တို့ရင် ကောင်းမလား ချက်စားရင် ကောင်းမလား စဉ်းစားနေရင်းက ဒညင်းသီး အုန်းနို့ဆမ်းလေးဘဲ လုပ်ဖြစ်သွားခဲ့ပါတယ်။

မြန်မာပြည်က ဒညင်းသီးတွေလို လတ်လတ်ဆတ်ဆတ် မဟုတ်ဘဲ ရေစိမ်ထားတာတွေကို သုံးတဲ့အတွက် မြန်မာပြည်က ဒညင်းသီး အုန်းနို့ဆမ်းလိုမျိုး အရမ်းကြီး မစေးလှပါဘူး ဒါပေမဲ့လဲ စားလို့တော့ အတော်အသင့် ကောင်းပါတယ်။

ဒညင်းသီးက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ဆိုကြပေမဲ့ ထန်းလျှက်ခဲ ထည့်ပြီးပြုပ်တဲ့အခါအဆိပ်အတောက်ကို အနည်းငယ်တော့ ပြေစေနိူင်ပါတယ် နောက်ပြီး တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အာသာပြေလေးဘဲ စားမယ်ဆိုရင်တော့ ဥပါဒ်ကင်းနိူင်ပါလိမ့်မယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဒညင်းသီး - ၁၃လုံး
  2. ထန်းလျှက်ခဲ - ကွမ်းသီးဆံလုံးလောက် သုံးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ဒညင်းသီးပြုပ်ရန် )
  5. ရေ - ဒညင်းသီးပြုပ်ရန် လိုသလောက်သုံးပါ
  6. အုန်းနို့ - 200 g တစ်ဗူး (အုန်းနို့ချက်ရန် cream ဗူးကို သုံးပါ)
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အုန်းနို့ချက်ရန် )
  8. ဆီ - ထမင်းစားဇွန်း ၅ဇွန်းခန့် (အုန်းနို့ချက်ရန် )
အုန်းနို့ချက်ရန်
  • ဒယ်အိုးထဲမှာ အုန်းနို့ကိုထည့်ပြီး ဆီနှင့်ဆားတို့ကိုထည့်ကာ မီးအနေတော်နှင့် တည်ပေးပါ
  • တည်နေစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေမွှေပေးပါ
  • အုန်းနို့များ ဥလာတဲ့အထိ တည်ပေးပြီး မီးပိတ်ပေးပါ။
ပြင်ဆင်ပုံ
  • အရင်ဆုံး ဒညင်းသီးကို ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာထည့်ပါ
  • ဆီ ထန်းလျှက်ခဲနှင့်ဆားကို အိုးထဲရောထည့်ပြီး ဒညင်းသီးမြုပ်အောင် ရေထည့်ပေးပါ
  • မီးခပ်ပြင်းပြင်းနဲ့ ပြုပ်ပေးပါ
  • ရေပွက်ပွက်ဆူအောင် ပြုပ်ပေးပြီး ပထမ တစ်ရည်မခမ်း တစ်ခမ်းအချိန်မှာ နောက်ထပ်တစ်ရည် ဒညင်းသီးမြုပ်အောင်ထည့်ကာ ဆက်ပြီးပြုပ်ပေးပါ
  • နောက်တစ်ရည် မခမ်းခင် ဒညင်းသီးကို ဆယ်ပြီး နူးမနူး စမ်းကြည့်ပါ
  • ဒညင်းသီး အနုအရင့်က တစ်ခုနဲ့တစ်ခု မတူနိူင်တဲ့အတွက် ပြုပ်နေစဉ် ဆယ်ပြီးစမ်းစမ်းကြည့်ပါ
  • မနူးသေးပါက စေးပြီးနူးလာတဲ့အထိ ပြုပ်ပေးပါ
  • ဒညင်းသီးနူးပြီး စေးပိုင်လာပါက မီးပိတ်ပေးကာ ဒညင်းသီးပြုပ်ကို အအေးခံပေးပါ
  • ဒညင်းသီး အေးလာပါက တစ်ခြမ်းခြင်းကို ငရုတ်ဆုံထဲထည့်ပြီး ငရုတ်ကျဉ်ပွေ့နှင့် ပြားနေအောင် ထုပေးပါ
  • အားလုံးထုပြီးတာနဲ့ အစဉ်သင့် ချက်ထားသော အုန်းဆီကိုဆမ်းပြီး သရည်စာအဖြစ် စားသုံးနိူင်ပါပြီ။

No comments:

Post a Comment