Wednesday 9 June 2021

ငါးမြွေထိုး အချဉ်ဆီပြန်ဟင်း





 

















ဒီနေ့တော့ ငါးမြွေထိုးကို အချဉ်ဆီပြန်လေး ချက်ထားပါတယ် ငါးမြွေထိုးက အကျိအချွဲတွေ များလွန်းတဲ့အတွက် မချက်ခင် ပြင်ရဆင်ရတာ အနည်းငယ်တော့ လက်ဝင်ပါတယ်။

နောက်တစ်ခုက သန့်စင်ဆေးကြော ပြီးတာနဲ့ မီးကင်ပြီးမှ ချက်တာက မွှေးလဲမွှေး အရသာလဲ ရှိပါတယ်
ငါးမြွေထိုးကို မီးသွေးမီးဖို ရှိပါက မီးသွေးမီးဖိုမှာ အရည်ခွံများ ကွဲအက်လာတဲ့အထိ ကင်ပေးပါ။

မာမာကတော့ မီးသွေးမီးဖို မရှိတဲ့အတွက် ငါးကိုအရင်ဆုံး မန်ကျည်းသီးမှည့်နဲ့ ဆားရယ်ထည့်ပြီး နယ်ဖတ်ကာ ရေဆေးလိုက်ပါတယ် ငါးမှာရှိတဲ့ အကျိ အချွဲတွေ စင်သွားပြီဆိုတော့မှ air fryer ထဲမှာ ကင်ပေးကာ ဟင်းချက်ဖို့ပြင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ မာမာချက်ဖြစ်တဲ့ ငါးမြွေထိုးဟင်း အချဉ်ဆီပြန် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြွေထိုး - 500 gm
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ချင်း - လက်တစ်ဆစ်
  5. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ (ဟင်းချက်ရန်)
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  7. ဆား ထမင်းစားဇွန်း တစ်ဇွန်း (ငါးဆေးရန်)
  8. မဆလာ လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  14. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  15. ဆီ ထမင်းစားဇွန်း - ငါးဇွန်း
  16. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး မန်ကျည်းသီးမှည့်နှင့် ဆားတို့ထည့်ပြီး နယ်ဖတ်ကာ အကျိအချွဲများ စင်တဲ့အထိ နယ်ပေးပြီးမှ ရေစင်အောင် ဆေးပေးပါ
  • ပြီးတာနဲ့ ဗိုက်ခွဲပြီး မလိုတာတွေ ထုတ်ကာ ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ မီးသွေးမီးဖို ရှိပါက မီးဖိုပေါ်မှ ကင်ပျစ်ကို တင်ပေးပြီး ငါးများထည့်ကာ ကင်ပေးပါ
  • ငါးရဲ့အရည်ခွံများ ကျွမ်းယောင်သန်းလာတဲ့အထိ နှစ်ဖက်လုံးကို ကင်ပေးပါ
  • မာမာကတော့ မီးသွေးမီးဖို မရှိတဲ့မတွက် air fryer ထဲမှာ ထည့်ပြီး ငါးမိနစ်ကင်ပေးကာ နောက်တစ်ဖက်ကို လှန်ပေးပြီး ငါးမိနစ် ထပ်ကင်ပေးထားပါတယ်
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ပြီးတာနဲ့ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ကင်ထားသောငါး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ငရုတ်ကောင်းမှုန့်နှင့် ငါးကိုထည့်ပြီး မွှေပေးပါ
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် ငါးမြွေထိုးရဲ့ အသားက မာတဲ့အတွက် နောက်ထပ်တစ်ရည် ငါးမြုပ်အောင် ထပ်ထည့်ပေးပါ
  • ထိုဟင်းရည် ပွက်ပွက်ဆူလာပါက မန်ကျည်းမှည့်အရည် ထပ်ထည့်မွှေပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ဆီမပြန်ခင် အရည်လေး နည်းနည်းကျန်နေချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ဆီပြန်အောင် ချက်ပေးပြီးမှ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ငါးမြွေထိုး အချဉ်ဆီပြန် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment