Tuesday 8 June 2021

ကြက်သား ကော်ရည်


ဒီနေ့တော့ ကြက်ရင်ပုံသားလေးတွေနဲ့ ဘေဘီမုန့်ညှင်းရောကာ ကော်ရည်ပူပူလေး ချက်ဖြစ်ပါတယ် ကော်ရည်ပူပူလေး ချက်တဲ့နေ့ကတော့ ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ။ 
ထမင်း ပူပူလေးအပေါ် ကော်ရည်ပူပူလေး ဆမ်းစားရတဲ့ အရသာက ပြီးပြည့်စုံနေတာကြောင့် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါ တယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 250 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အလုံးသေး ငါးဥခန့်
  4. ဘေဘီ ဘရိုကိုလီ  - နှစ်ပင်
  5. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  6. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း 
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ကြက်ပြုပ်ရည် chicken stock - 2 cups
  11. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 

ပြင်ဆင်ပုံ

  • ကြက်သားကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ဘေဘီဘရိုကိုလီကို တစ်ရွက်ချင်း လွှာပြီး ရေဆေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အသီးအရွက် မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက် ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်သားကို ကျက်တဲ့အထိ ထည့်ကြော်ပေးပါ
  • ကြက်သားကျက်တာနဲ့ ကြက်ပြုပ်ရည်ကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ 
  • ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့  ဖျော်ထားသော ကော်ရည်ကို ထည့်ပေးပြီး ကော်ရည် ပျစ်လာတဲ့အထိ မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ကြက်သွန်နီနှင့် ပဲငံပြာရည်ကို ထည့်မွှေပေးပါ
  •  ပြီးတာနဲ့ အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ဘေဘီဘရိုကိုလီများနှင့် တရုတ်နံနံကို ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ။

No comments:

Post a Comment