Sunday 20 June 2021

ကန်ဇွန်းရွက်နဲ့ ရေထိကရုံး ချဉ်ရည်ဟင်း

 






ကျန်ခဲ့တဲ့ တစ်ပါတ်က Sydney ကို ဈေးဝယ်ထွက်ကျရင်း Haymarket ကိုရောက်တော့ ရေထိကရုံး ခဲထားတဲ့ အထုတ်လေးရယ် ကန်ဇွန်းရွက်လေးတွေရယ် ဝယ်လာပြီး ဒီနေ့တော့ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး တစ်မယ် ချက်ပါတယ်။

မာမာတို့ ငယ်ငယ်ကတော့ ခြံထဲက ရေကန်ကြီးမှာ ခူးလေပွားလေ ရေထိကရုံးပင်တွေ အများကြီး ခူးခဲ့ကြဖူးတယ် လတ်လတ်ဆတ်ဆတ်လေးခူးပြီး ငပိရည်နဲ့ တို့စရာလုပ်ပြီး စားခဲ့ကြကိုလဲ အမှတ်ရစေခဲ့ပါသေးတယ်။

ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့ကောင်းလို့ ကောင်းပါတယ်  ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် - တစ်စည်း
  2. ရေထိကရုံး - တစ်ထုတ်
  3. ငါးဖယ်ငဆုတ် - ဆယ်လုံးခန့်
  4. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  7. ချင်း - လက်တဆစ်ခန့်
  8. မန်ကျည်းသီးမှည့် - အနည်းငယ်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကန်စွန်းရွက်များကို ထက်ခြမ်းခြမ်းပြီး အနေတော်လေးတွေ ပိုင်းဖြတ်ကာ ရေခြောက်ထပ်လောက် ဆေးထားပါ
  • ရေထိကရုံးကိုလဲ အထုတ်ထဲမှထုတ်ကာ ရေတစ်ထပ်ဆေးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ငါးဖယ်ငါးဆုတ်လုံးလေးတွေကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ ကန်စွန်းရွက် ရေထိကရုံး နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီ ငရုတ်သီး ထောင်းတို့ကိုထည့်ပြီး အရသာဝင်သွားအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ငဆုတ်လုံးလေးများနှင့် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • အရင်ဆုံး ဟင်းအိုး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ရေထိကရုံးနှင့် ကန်စွန်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့  သုံးမိနစ်လောက် ထပ်ဆူအောင်ထားပြီး မန်ကျည်းမှည့်ရည်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  ရေ ထိကရုံး ကန်စွန်းရွက် ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

No comments:

Post a Comment