Wednesday 2 June 2021

ဂဏန်းမဆလာ ချဉ်စပ်ဟင်း

 


သမီးငယ်လေး ကျောင်းပိတ်လို့ အိမ်ကိုခနပြန်လာတိုင်း သူစားချင်တာလေးတွေ ချက်ပေး ဖြစ်ပါတယ်ဒီတစ်ခါတော့ ဂဏန်းကို ချက်ရတာ မြန်အောင်လို့ ပေါင်းအိုးထဲမှာ ငါးမိနစ်လောက် ပေါင်းပေးပြီး ချက်ဖြစ်ပါတယ်။

ပေါင်းပြီးချက်တဲ့အတွက် ပိုပြီးမွှေးတယ်လို့ ထင်မိသလို မဆလာ နိူင်နိူင်နဲ့ ချက်ထားတဲ့အတွက်  ထမင်းပူပူလေးနဲ့ စားနိူင်အောင် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ဂဏန်း - အကောင်ကြီးကြီး လေးကောင်
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. ချင်း - လက်တစ်ဆစ်စာလောက်
  6. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း    
  8. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ

  • ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများ ဖယ်ပေးပါ
  • အပေါ်ယံ အခွံခွာထားသော ဂဏန်းကို အကောင်ကြီးပါက အလယ်မှနေ၍ ထက်၀က်ပိုင်းပေးပါ
  • ဂဏန်းရဲ့လက်များကိုလဲ အခွံခွာရလွယ်အောင် အနည်းငယ် ကွဲအက်သွားအောက် ထုပေးပါ
  • သန့်စင်ထားသော ဂဏန်းများကို ကြွေဇလုံတစ်ခုထဲထည့်ပြီး ပေါင်းအိုးအောက်ခံအိုးထဲ ရေထည့်ကာ ငါးမိနစ် ပေါင်းပေးပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောထောင်းထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးအနှစ်ကို မသုံးဘဲ မန်ကျည်သီးးမှည့်ကို သုံးပါက ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ

ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  • ဇောက်အနည်းငယ်နက်သော အိုးကိုအပူပေးပါ 
  • အိုးပူလာတာနဲ့ ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ ပေါင်းထားသော ဂဏန်းကိုထည့်ပေးကာ အထက်အောက် သမအောင် သုံးချက်လောက် မွှေပေးပါ
  • ဂဏန်းများ ငရုတ်သီး ဆီသတ်နံ့ မွှေးလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီ ဆိုတော့မှ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ဖုံးအုပ်၍ တည်ပေးပါ
  • ရေမခမ်းခင် မကျည်းသီးမှည့် အနှစ်နှင့် မဆလာထည့်၍ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မန်ကျည်းသီးမှည့်ကို သုံးပါက ရေနွေးစိမ်ထားတာကို လက်နဲ့နယ်ပေးပြီး အဖတ်များ ဖယ်ပေးကာ အရည်ကိုဘဲ ထည့်ပေးပါ
  • ချက်ထားတဲ့ ရေမခမ်းခင် အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပြီးတာနဲ့ ရေမခမ်းခင် မီးပိတ်ပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းနေတဲ့  ဂဏန်းဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment