Thursday 20 September 2018

သတ်သတ်လွတ် ခရမ်းသီးဟင်း


အသားတွေ ချက်ဖြစ်တိုင်း စားရမှာ ပါးစပ်က မရဲသလို ဖြစ်လာတော့ အသီးအရွက်လေးတွေဘဲ စားဖြစ်တာ များလာခဲ့ပါတယ်။

ဒီနေ့တော့ လတ်လတ်ဆတ်ဆတ် ခရမ်းသီးတွေ ဝယ်လာပြီး သတ်သတ်လွတ် ဟင်းတမယ်အတွက် ခရမ်းသီးလေးတွေကို ဆီပြန်လေးချက်ဖြစ်ခဲ့တဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အလုံးကြီးကြီး ၁လုံး
  2. မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  3. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  7. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  8. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းကာရှစ်စိတ် စိတ်ပြီး ရေနှင့်နာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ငရုတ်သီး အရောင်တင်မှုန့် ဆီ နနွင်းမှုန့်တို့ကို ဇောက်နက်သော အိုးထဲထည့်ပြီး  အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေအနည်းငယ် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး သတ်သတ်လွတ် ခရမ်းသီးနှပ် အစပ်ချက်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment