Sunday 16 September 2018

ယိုးဒယား ထမင်းကြော်


ဒီနေ့တော့ ရာသီဥတုလေးကလဲ အေးလာပါပြီ ဒါကြောင့်မို့လို့ ထမင်းကြော်ကို အရသာ တစ်မျိုးပြောင်းပြီး စားချင်တာနဲ့ ယိုးဒယား ထမင်းကြော် မွှေးမွှေးလေး ကြော်ဖြစ်သွားပါတယ်။

ကြော်ပြီးပြီးချင်း ပူပူလူလူလေး စားလိုက်တာ အရသာ အရမ်းကောင်းတာနဲ့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. ဘဲဥ (သို့မဟုတ်) ကြက်ဥ - တစ်လုံး
  4. ကြက်ရင်ပုံသား -  ခပ်ပါးပါး လှီးပြီးသား ၁၅ခုခန့်
  5. ကြက်သွန်နီ - တစ်ခြမ်း
  6. ကြက်သွန်ဖြူ အမွှာကြီးကြီး တစ်မွှာ
  7. ပဲတောင့်ရှည် - ငါးတာင့်ခန့် 
  8. မုံလာဥနီ - အနေတော် တစ်ဥ
  9. ကိုက်လန် - တစ်ပင်
  10. ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း တစ်ဇွန်း 
  11. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဝက်
  12. ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  14. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ 
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  16. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  17. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲမှာ ထည့်ပေးပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  2. ထမင်းကျက်တာနဲ့ အအေးခံပြီး ထမင်းများကို ဖွထားပါ
  3. ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  4. ကိုက်လံကို အပင်လိုက် ရေဆေးပြီး အနေတော် လှီးထားပါ
  5. ပဲသီးကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  6. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  7. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  8. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  9. ဇလုံတစ်လုံးထဲမှာ ဘဲဥ သို့မဟုတ် ကြက်ဥကို ဖောက်ထည့်ပြီး ခလောက်ထားပါ
  10. ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  11. အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  12. ဆီပူလာပါက ကြက်သွန်နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
  13. ကြက်သွန်နံ့လေး သင်းလာတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ 
  14. ကြက်သားကျက်လာတာနဲ့ ခလောက်ထားသော ဘဲဥ သို့မဟုတ် ကြက်ဥကို ထည့်ပြီး မွှေပေးပါ
  15. ကြက်သားနှင့် ကြက်ဥကြော် ကျက်လာပါက ဒယ်အိုးဘေးမှာ ခနတွန်းထာပြီး မုံလာဥနီ ပဲသီးနှင့် ကိုက်လန်တို့ကို ထည့်မွှေပေးပါ
  16. သုံးမိနစ်လောက် မွှေပြီးတာနဲ့ ထမင်းနှင့် အရသာများကို ထည့်မွှေပေးပါ
  17. ပြီးတာနဲ့ ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ယိုးဒယား ကြက်သားထမင်းကြော်ကို မိမိနှစ်သက်သလို ပုံဖော်ပေးပြီး ပန်းကန်ပြားထဲထည့်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

No comments:

Post a Comment