Monday, 17 September 2018

ကြက်သား ထမင်းကြော်



တခါတလေ စိတ်ပြောင်း စိတ်လွဲလေး ဖြစ်ရလေအောင် ဒီနေ့တော့ ကြက်သား ထမင်းကြော်လေး ကြော်ပါတယ် ထမင်းကြော်ကို အမြဲတမ်း စားနေရလဲ မမုန်းတဲ့ အထဲမှာပါတဲ့အတွက် မကြာမကြာ ကြော်စားဖြစ်တဲ့ အတွက် ဒီနေ့ကြော်ဖြစ်တဲ့ ထမင်းကြော်နည်းကို မျှဝေလိုက်ပါတယ်။

မာမာကတော့ ကြက်သားလေးထဲ့ပြီး ကြော်ထားပါတယ် တစ်ခြားအသားလေးတွေနဲ့ စားချင်တယ်ဆိုရင်တော့ မိမိနှစ်သက်ရာ အသားလေးတွေ ထည့်ကြော်လို့ ရပါတယ်။


ပါဝင်ပစ္စည်းများ

  • ချက်ပြီးသား ထမင်းဖြူ - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် တလုံးစာ
  • ကြက်ရင်ပုံသား - အနည်းငယ်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၁ ဇွန်း 
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်ဥ - ၁ လုံး 
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • မုံလာဥနီ - အနေတော် တစ်ဥ
  • တရုတ်မုန့်ညှင်းဖြူ - အရွက်ကြီးကြီး၂ရွက်
  • ပဲတောင့်ရှည် - ၃ တောင့် 
  • ကြက်သွန်မိတ် - ၂ပင်
  • ကြက်ဥ - တလုံး
  • ချင်း - လက်တဆစ်ခန့်
  • ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ၀က် 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • ထောပါတ် - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ

  • ထမင်းဖြူကို ခပ်မာမာလေးချက်ပြီး အအေးခံထားပါ
  • ကြက်သားကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးပေးပါ
  • ကြက်ဥကို ပွလာတဲ့အထိ ခလောက်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို ရေဆေးပြီး လက်တစ်လုံးခွဲလောက်လေးတွေ လှီးထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ထောပါတ်ခဲကိုထည့်ကာ ပျော်အောင်အပူပေးလိုက်ပါ
  • ထောပါတ်ပျော်လာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့်ထည့်မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထဲ့ပေးပြီး ဖယ်ထားပါ
  • ထိုဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ၂ဇွန်းထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ချင်းတို့ကို နွမ်းလောက်အောင် တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်သားကို ထည့်ကြော်ပါ 
  • ကြက်သားအိုးထဲကို ဆားထဲ့ပြီး ၂မိနစ်လောက် မွှေပေးပါ
  • ကြက်သားကျက်တာနဲ့ မုံလာဥနီ တရုတ်မုန့်ညှင်းဖြူ ပဲသီးတို့ကို ထည့်မွှေပေးပါ
  • မုံလာဥနီ ထည့်မွှေပေးပြီးတာနဲ့ ချက်ပြီးအအေးခံထားသော ထမင်းဖြူနှင့်အတူ ငါးငံပြာရည် သကြား ပဲငံပြာရည်အနောက်ရည် ဆား ပဲငံပြာရည်အကြည်နှင့် ခရုဆီတို့ထည့်ပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီဆိုတာနဲ့ ကြော်ပြီးဖယ်ထားသော ကြက်ဥကို ထည့်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်သွန်မိတ်ကို ထည့်ပေးပြီး တစ်မိနစ်လောက် မွှေပေးကာ အရသာမြည်းပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ကြက်သား ထမင်းကြော်ကို ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ထမင်းကြော်ပွဲ ပြင်ဆင်ရန် ပန်းကန်ပြား တချပ်ပေါ်မှာ ကြက်သားထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment