Saturday 29 September 2018
မုန့်ဦးနှောက်
ဆန်​မှုန့်​ ပလောပီနံမှုန့်​ အုန်းနို့
ရေထည့်ပြီး အားလုံးပျော်သွားအောင်
 မွှေတံဖြင့်ဖျော်ပေးပါ
ဆန်​မှုန့်​များ ရေပျော်​သွားပါက သာဂူစေ့ 
ထည့်​မွှေပေးထားပါ
အားလုံးသမသွားအောင်​ မွှေထားပါ
သကြားရည်ကို ပျော်အောင်​ကျိုပေးပါ
ဆီတို့ထည့်​ပေးပါ
 သကြားရည်​ ပွက်​ပွက်​ဆူအောင်​ တည်​ပေးပါ
 သကြားရည် ​ပွက်​ပွက်​ဆူလာတာနဲ့ ဆန်​မှုန့်ရည် 
ထည့်မွှေပေးပါ
 ထည့်မည့်ဗူးကို ဆီသုတ်​ထားပါ
 မုန့်​သားကြည်လာတာနဲ့ ဗူးထဲသို့ 
လောင်းထည့်​ပေးပါ
ဗူးထဲလောင်းထည့်​ပြီး အအေးခံပါ
မုန့်သားအေးတာနဲ့ ဗန်းတခုထဲ မှောက်​ချပေးပါ
 အုန်းနို့ကို အိုးထဲထည့်​ပေးပါ
 မီးအနေတော်​နှင့် အပူပေးပါ့
ပွက်​ပွက်​ဆူလာပြီဆိုရင်​ ဆီနှင့်​ဆားထည့်​ပေးပါ
 အုန်းနို့များ ဥတက်လာရင် အုန်းဆီချက်​ ရပါပြီ
ထုံးရည်ကြည်
ဒီနေ့တော့ မာမာတစ်ယောက် ခပ်ပျင်းပျင်း ရှိတာနဲ့ စားစရာ မုန့်လေးတွေလုပ်ရင် ကောင်းမယ်ဆိုပြီး တွေးနေတုံး စိတ်ထဲမှာ ပေါ်လာတဲ့ မုန့်ဦးနှောက်လေးကို တုံတုံအိအိ ချိုချိုစိမ့်စိမ့် အရသာလေး ရလာအောင် လုပ်ဖြစ်ပါတယ်။
တစ်ယောက်ထဲဆိုတော့ မုန့်လုပ်ဖို့ပြင်လိုက် လက်ဆေးလိုက် လက်သုတ်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ တော်တော်လေးတော့ ကသီလင်တ နိုင်ပါတယ်။
ဒီမုန့်လေးက လက်အားသန်သန်နဲ့ မုန့်သားကြည်လာတဲ့အထိ အဆက်မပြတ် မွှေရတာမို့့လို့ လက်မောင်းလေ့ကျင့်ခန်းလဲ ရသလို မုန့်ကောင်းကောင်းလေးလဲ စားရမှာ ဖြစ်တဲ့အတွက် အားတဲ့ရက်ကလေးမှာ လုပ်စားကြည့်စေချင်ပါတယ်။
အခုမာမာရေးပေးတဲ့ အချိုးအစားက အချိုအရသာ နည်းနည်းပိုပါတယ် အချိုအရသာ မကြိုက်ရင်တော့ ထမင်းစားဇွန်း နှစ်ဇွန်းလောက် လျှော့လုပ်နိူင်ပါတယ်။
မုန့်လုပ်တဲ့ အထဲမှာ သံပုရာရည် ထည့်တာကတော့ သံပုရာရည်ထည့်ရင် မုန့်ချဉ်သွားမလား ထင်မည့်သူတွေအတွက်ပါ တစ်ခါထဲ ပြောပြပါမယ် မုန့်အရသာ ချဉ်မသွားဘဲ သံပုရာရည် ထည့်ခြင်းကြောင့် မုန့်ထဲမှာ သကြားချိုးမကပ်အောင်ရယ် မုန့်ကိုအနည်းငယ် ကြာကြာထားနိူင်အောင်ရယ် ထည့်ခြင်းဖြစ်ပါတယ်။
ထုံးရည်ကြည် ထည့်ရတာကတော့ မုန့်သားမာမာ တင်းတင်းလေး ရလာအောင် ထည့်ပေးရခြင်း ဖြစ်ပါတယ် ထုံးအရည်ကြည် ခံထားတာ ပိုနေပါက သွန်ပပြစ်ဘဲ သိမ်းထားပါ နောက်တစ်ခါ မုန့်လုပ်စားတဲ့အခါ ပြန်သုံးလို့ရပါတယ်။
နောက်တစ်ခုက မုန့်လုပ်တဲ့အခါမှာ အောက်ခြေမကပ်ဘဲ အိုးအသားထူတဲ့ အိုးကိုသုံးပါ လက်အပူ မဟပ်အောင် မွှေလို့ကောင်းတဲ့ သစ်သားယောင်းမ အရှည်ကို သုံးပေးရင် မုန့်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်ရှင်။
အခုမာမာ လုပ်ပြတဲ့ နည်းအတိုင်းလုပ်ပြီး အအေးခံကာ  ရေခဲသေတ္တာထဲမှာ ထားပြီးစားပါက တပါတ်မက အထားခံပါတယ်။
ပါ၀င်ပစ္စည်းများ
  1. ဆန်မှုန့်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ပလောပီနံမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
  3. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  4. သကြားဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
  5. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်းဆီ - ထမင်းစားဇွန်း ၂ဇွန်း
  6. သာဂူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
  7. သံပုရာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁၂ဗူး
  9. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး ( အုန်းဆီချက်ရန် )
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း ( အုန်းဆီချက်ရန် )
  11. ဆား - လက်ဖက်ရည်ဇွန်း တဝက် ( အုန်းဆီချက်ရန် )
  12. ထုံးရည်ကြည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  13. အလျှား၈လက်မ အနံ၃လက်မရှိသော အပူခံနိူင်မည့် ပလပ်စတစ်ဗူး -၂ဗူး
  14. ဇောက်နက်ပြီး အိုးအသားထူကာ အောက်ခြေမကပ်သောအိုး - တစ်လုံး
  15. မွှေလို့ကောင်းသော သစ်သားယောင်းမ - တစ်ေချာင်း
  16. ဆီ - အနည်းငယ် (မုန့်ထည့်မည့်ဗူးကို သုပ်ရန်)
အုန်းနို့ကျိုပုံ
  • ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးထဲကို အုန်းနို့ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
  • အုန်းနို့က တည်ထားစဉ် ပွက်ပွက်ဆူလာပြီး ဝေကျတတ်တဲ့အတွက် ဇောက်နက်ပြီး မကပ်သောအိုးကို သုံးပေးပါ
  • အုန်းနို့အိုး ပွက်ပွက်ဆူလာပြီး ရေအနည်းငယ် ခမ်းလာပါ ဆီနှင့်ဆားကိုထည့်ပြီး မွှေပေးပါ
  • အိုးနို့များ ဥလာပါက မီးပိတ်ပြီး လက်ကျန်အပူရှိန်နဲ့ ဆက်တည်ထားပေးပါ
  • ဆီသံကြားလာပြီး အုန်းနို့နံ့သင်းလာတာနဲ့ အုန်းဆီချက် မွှေးမွှေးလေး ရပါပြီ
  • လိုသလောက်သုံးပြီး ပိုနေပါက ထမင်းပူပူနှင့် နယ်စားနိုင်သလို အုန်းထမင်းချက်ရာမှာလဲ ပြန်သုံးလို့ရတဲ့အတွက် လိုတဲ့အခါ ပြန်သုံးနိူင်အောင် ရေခဲသေတ္တာထဲမှာ  ထည့်ခဲထားနိူင်ပါတယ်။
ထုံရည်ကြည်စိမ်ရန်
  • ကွမ်းစားထုံး ထမင်းစားဇွန်း တစ်ဇွန်းကို ဗူးတစ်ခုထဲထည့်ပြီး ရေထမင်းစားဇွန်း ၅ဇွန်းနှင့်ဖျော်ထားပါ
  • တစ်ညသိပ်လောက် ထားပြီးပါက အပေါ်ယံ အရည်ကြည် တက်လာသော ထုံးရည်ကြည်ကို သုံးပါမယ်။
ပြင်ဆင်ပုံ
  • အပူခံနိူင်သော ပလပ်စတစ်ဗူး နှစ်ဗူးကို ဆီအနည်းငယ် သုတ်ပေးထားပါ
  • ဇလုံကြီးကြီး တစ်လုံးကို ပြင်ထားပါ
  • ထိုဇလုံထဲမှာ ဆန်မှုန့် နှင့် ပလောပီနံမှုန့်တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ
  • သမသွားတာနဲ့ အုန်းနို့ ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးနှင့်  ရေ ပေါင်းအိုးဆန်ချင်ဗူး ၇ဗူးကိုထည့်ပြီး သမအောင် မွှေပေးပါ
  • အမှုန့်များ အရည်ပျော်သွားတာနဲ့ ထိုအထဲကို သာဂူစေ့ထည့်ပြီး မွှေပေးထားပါ
  • ဇောက်နက်ပြီး အိုးအသားထူကာ အောက်ချေမကပ်သောအိုးကို မီးဖိုပေါ် တင်ပေးပါ
  • ထိုအိုးထဲကို  ရေ ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးနှင့်သကြား ဆား ဆီနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ တည်ပေးပါ
  • သကြားရည် အရသာအိုးကို မီးအလယ်လောက်နှင့် တည်ပေးရင်း သကြားပျော်အောင် မွှေပေးပါ
  • သကြားအိုး ရေပွက်ပွက် ဆူလာတာနဲ့ ရေဖျော်ထားသော ဆန်မှုန့်ရည်ကို လောင်းထည့်ပေးပါ
  • ဆန်မှုန့်ရည် ထည့်ပြီးတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီး ထိုအိုးကို အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက မုန့်နှစ်ရည် စပြီးပျစ်လာပြီ ဆိုတာနဲ့ လက်အားသန်သန်နဲ့ အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်း ရေခမ်းလာပါက ဆန်ချင်ဗူး တစ်ဗူးစာ ရေတစ်ခွက် ထပ်ထည့်ပေးပြီး ဆက်မွှေပေးပါ
  • သိပ်မကြာခင်မှာ မုန့်သားထပ်ပြီး ပျစ်လာပါက နောက်ထပ် ရေတစ်ဗူး ထပ်ထည့်ပြီး မွှေပေးပါ
  • မုန့်နှစ်ရည် နောက်တစ်ကြိမ် ရေပျစ်ချိန်မှစပြီး မုန့်သားကြည်ကာ ရေကုန်လာတဲ့အထိ ၈မိနစ်မှ ဆယ်မိနစ်အတွင်း မွှေပေးပါ
  • မွှေနေတာကို မရပ်ပါနဲ့ ဆက်တိုက် မွှေပေးပါ
  • သာဂူစေ့များလဲ မွှေနေရင်းက အရောင် ကြည်လာပါလိမ့်မယ်
  • တစ်ဖြည်းဖြည်းနဲ့ မုန့်အိုးထဲမှာ ရေမပေါက်တော့ဘဲ မုန့်သားကြည်လာပြီ ဆိုလာပါက ဆီသုတ်ထားသော ဗူး၂ဗူးထဲသို့ ခပ်မြန်မြန် လောင်းထည့်ပေးပါ
  • မုန့်သားညီညီလေးရအောင် သစ်သားယောင်းမဖြင့် အသာလေး ညှိပေးပြီး မျက်နှာပြင်ကို လိုက်ဖိပေးပါ
  • ပြီးတာနဲ့ မုန့်ဗူးကို အခန်းအတွင်းမှာဘဲ၂နာရီလောက် အအေးခံပေးပါ
  • မုန့်သားပူနေချိန် ရေခဲသေတ္တာထဲမှာထည့်ပြီး အအေးမခံမိဖို့ အထူးသတိထားပေးပါ
  • မုန့်သားအေးသွားမှ ရေခဲသေတ္တာထဲမှာ ထည့်ထားနိူင်ပါတယ်
  • ဆန်နှင့်လုပ်သော မုန့်ဖြစ်တဲ့အတွက် ရေခဲသေတ္တာထဲမှာ တစ်ပါတ်လောက်အထိထားပြီး စားနိူင်ပါတယ်
  • မုန့်ဦးနှောက်ဗူး အေးပြီးခဲသွားမှ ဗန်းတစ်ခုထဲကို ဗူးထဲမှ မှောက်ချပေးပြီး မိမိနှစ်သက်သလို လှီးပေးပါ
  • ပြီးတာနဲ့ အဆင်သင့် ကျိုထားသော အုန်းနို့ဆမ်းကာ ချိုစိမ့်စိမ့် အိအိတုံတုံ မုန့်ဦးနှောက် အုန်းဆီဆမ်းတဲ့ မုန့်ပွဲကို ပြင်ပေး နိူင်ပါပြီ။
1 comment:
  1. Hello, Ma Ma Mar,
    Are you okay?
    I haven't seen you posting a new post for almost two months.
    I hope you are doing well.
    Wish you have happy holidays!
    ReplyDelete