Tuesday, 18 September 2018

ကြက်ဥ ထမင်းကြော်


ဒီနေ့တော့ ကြက်ဥနဲ့ ထမင်းကြော်လေး ကြော်ဖြစ်ပါတယ် မနက်စောစောလေး ပူပူလူလူ စားရတာမို့လို့ စားလို့အရမ်းကောင်းတဲ့ ကြက်ဥထမင်းကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချက်ပြီးသား ထမင်းဖြူ - တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် တလုံးစာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၁ ဇွန်း 
  • ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  • ကြက်ဥ - နှစ်လုံး 
  • ကြက်သွန်နီ - အနေတော် ၁ဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • မုံလာဥနီ - အနေတော် တစ်ဥ
  • တရုတ်မုန့်ညှင်းဖြူ - အရွက်ကြီးကြီး၂ရွက်
  • ပဲတောင့်ရှည် - ၃ တောင့် 
  • ကြက်သွန်မိတ် - ၂ပင်
  • ကြက်ဥ - နှစ်လုံး
  • ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တ၀က် 
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ

  • ထမင်းဖြူကို ခပ်မာမာလေးချက်ပြီး အအေးခံထားပါ
  • ကြက်ဥကို ပွလာတဲ့အထိ ခလောက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • တရုတ်မုန့်ညှင်းဖြူကို ရေဆေးပြီး လက်တစ်လုံးခွဲလောက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးပေးပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ထောပါတ်ခဲကိုထည့်ကာ ပျော်အောင်အပူပေးလိုက်ပါ
  • ထောပါတ်ပျော်လာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့်ထည့်ပေးပြီး ပွလာအောင် မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထဲ့ပေးပြီး ဖယ်ထားပါ
  • ထိုဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ၂ဇွန်းထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို နွမ်းလောက်အောင် တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ မုံလာဥနီ တရုတ်မုန့်ညှင်းဖြူ ပဲသီးနှင့် ဆားတစ်ဝက်တို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ  ထည့်မွှေပေးပြီးတာနဲ့ ချက်ပြီးအအေးခံထားသော ထမင်းဖြူနှင့်အတူ ကျန်နေသောဆားတစ်ဝက် ပဲငံပြာရည်အနောက်ရည် ပဲငံပြာရည်အကြည်တို့ထည့်ပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီဆိုတာနဲ့ ကြော်ပြီးဖယ်ထားသော ကြက်ဥကို ထည့်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်သွန်မိတ်ကို ထည့်ပေးပြီး တစ်မိနစ်လောက် မွှေပေးကာ အရသာမြည်းပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ကြက်ဥ ထမင်းကြော်ကို ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ထမင်းကြော်ပွဲ ပြင်ဆင်ရန် ပန်းကန်ပြား တချပ်ပေါ်မှာ ကြက်ဥထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment