အေးရှန်းဈေးဆိုင်ကိုသွားတာ မုံလာဥတစ်ဥကို ၈ဆယ်သားလောက် ရှိတဲ့မုံလာဥတွေ မြင်လေတော့ မ၀ယ်ဘဲ မနေနိုင်တာနဲ့ ၀ယ်လာခဲ့မိတယ် အိမ်ရောက်တော့ ဘယ်ကစပြီး ချက်ရမလဲပေါ့ စဉ်းစားခန်းက ၀င်ပါရော။
ဒါနဲ့ဘဲ အရင်ဆုံး မုံလာဥကို ရုံးပတေသီးနဲ့ခရမ်းကြွတ်သီးလေးတွေ ရောသမမွှေကာ ချဉ်ရည်ဟင်းလေး ချက်ဖြစ်သွားခဲ့တယ် ဒါကြောင့်မို့လို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုံလာဥ - လေးဆယ်သားခန့်
- ခရမ်းကြွတ်သီး - ၅လုံး
- ရုံးပတေသီး - ၁၅တောင့်ခန့်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှားကြိးကြီး နှစ်မွှာ
- ချင်း - လက်တစ်ဆစ်၏ တစ်ဝက်
- ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မကျည်းအနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ထုတ် - ၁၅ကောင်ခန့်
- နံနံပင် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- မုံလာဥကို သင့်သလိုလှီးပြီး ရေဆေးထားပါ
- ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
- ခရမ်းကြွတ်သီးကို အညှာဖြတ်ပြီး ရေဆေးကာ ထက်ခြမ်းခြမ်းထားပါ
- ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး တစ်ပိုင်းပိုင်းထားပေးပါ
- ဇောက်နက်သောအိုးထဲမှာ လှီးထားသော မုံလာဥများ ပုဇွန်ထုတ် ခရမ်းကြွတ်သီးများ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ ခရမ်းသီးနှင့် မုံလာဥများ နူးလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
- ပြီးတာနဲ့ ရုံးပတေးသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ အရသာထပ်မြည်းပြီး မီးပိတ်ပေးပါ
- မုံလာဥ ချဉ်ငံစပ် အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်းရပါပြီ။
No comments:
Post a Comment