Wednesday 15 March 2017

ကြက်သားစင်းကော ခရမ်းသီးနှပ်


ခရမ်းသီးနှပ်လို့ ပြောလိုက်တာနဲ့ ပုဇွန်ခြောက် ပုဇွန်အစိုလေးတွေနဲ့ နှပ်ပြီးစားကြတာ များပါတယ်  မာမာကတော့ ဒီနေ့ ကြက်သားစင်းကောနဲ့ခရမ်းသီးလေးတွေကို ခပ်စပ်စပ်လေးနှပ်ကာ ချက်ဖြစ်ပါတယ်။

ဒီနေ့မာမာတို့ ထမင်းဝိုင်းအတွက် စားမြန်ဟင်းတစ်မယ် ချက်ဖြစ်လို့ လွယ်ကူမြန်ဆန် ချက်နည်းလေးကိုမျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အလုံးကြီးကြီး နှစ်လုံး
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီ ဥကြီးကြီး - တစ်ဥ
  3. နုတ်နုတ် စင်းထားသော ကြက်သား လက်ဖက်ရည် ပန်းကန်လုံး - တစ်လုံးစာ 
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင် အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ နနွင်းမှုန့် ဆား ဆီ အရသာမှုန့် ကြက်သားစင်းကောတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးများကို ဇောက်နက်သော အိုးထဲထည့်ပြီး အစာများ ထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ကြက်သားစင်းကော ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment