Sunday, 30 October 2016

အိမ်လုပ် ငါးငပိရည်ကျို မွှေးမွှေးလေး












ငါးငပိရည်ကျိုလေးတွေ ဆိုင်က၀ယ်စားရတာ စိတ်မသန့်လေတော့ အိမ်မှာဘဲ ငါးလေးတွေကို ငါးပိရည်ကျို လုပ်ဖြစ်ပါတယ် စိတ်ဝင်စားရင်တော့ လုပ်ကြည့်စေချင်ပါတယ် မြန်မာပြည်မှာလို ငါးပိလုပ်လောက်အောင် ငါးသန်ငါးနုတ်တွေ မပေါလေတော့ တခါတရံ ဈေးချလေ့ရှိတဲ့ ဘာဆာငါးနဲ့ဘဲ လုပ်ရပါတော့တယ် ။

ငါးပိဆိုတာမျိုးက ငါးသန်ငါးနုတ်လေးတွေကိုလုပ်မှ ပိုပြီးချိုသလို ငါးပိရည် ကျိုတဲ့အခါမှာ ပိုပြီးပြစ်ပါတယ် မာမာကတော့ ရှိတဲ့ငါးလေးနဲ့ဘဲ လုပ်ထားပါတယ် ဒီငါးကတော့ သန့်စင်ပေးပြီးသားဖြစ်လို့ တခြားအပိုတွေ ဘာမှ လုပ်ပေးစရာ မလိုပါဘူး။

တကယ်လို့များ ငါးသန်ငါးနုတ်လေးတွေနဲ့လုပ်မယ်ဆိုရင်တော့ ငါးပိလုပ်နည်းလေး နည်းနည်းပြောင်းပါတယ် ငါးတွေကို အပုတ်မခံခင်မှာ ဗိုက်ထဲက မလိုတာတွေ ဖယ်ရတာမျိုးလုပ်ပေးရတယ် အဲဒါတွေ မဖယ်ရင် ငါးပိက ခါးသွားတတ်ပါတယ် ကျန်တာကတော့ အပုတ်ခံပြီး ဆားကူးရုံပါဘဲ။

ငါးရံ့လို ငါးအကောင်ကြီးကြီးကို လုပ်မယ်ဆိုရင်တော့ ငါးအကြေးခွံတွေ ဗိုက်ထဲက မလိုတာတွေ ဖယ်ပေးပြီး ဇလုံထဲမှာ ရေနှင့်ငါးကိုထည့်ပြီး ပိတ်စပါးနှင့် သေသေချာအုပ်ကာ သုံးရက်လောက် ထားပြီးမှ အရည်များသွန်ပေးကာ ဆားကူးပြီး ငါးပိဖြစ်အောင် ပြန်နှပ်ပေးရပါတယ်။

ငါးပိသဘာဝက ငါးကိုအပုတ်ခံပြီး လုပ်ရတာဖြစ်လို့ ပထမတရက် ငါးကိုအပုတ်ခံပြီးစ အချိန်မှာတော့ တော်တော်လေးနံပါတယ် ဒါပေမဲ့လဲ ငါးပုတ်မှ ငါးပိကောင်းလေး ရတာဖြစ်လို့ ပထမ တရက်တော့ တော်တော်လေး အသက်အောင့်ပြီး ငါးပုတ်ကို ဆားကူးပေးရတယ် ဆားကူးတဲ့အခါမှာလဲ ဆားကို ချင့်ချိန်ပေးပါ ဆားပေါ့တဲ့အခါ ငါးပိက အူပြီးမမွှေးဘဲ ပုတ်အက်အက် ဖြစ်သွားတတ်ပါတယ် ဆားကို သာသာထိုးထိုးလေး အငံပိုပြီး ကူးပေးပါ။

နောက်နေ့နောက်တကြိမ်ထပ်ပြီး ဆားကူးရင်တော့ ငါးပိနံ့လေးသင်းလာပြီမို့ ကိုယ်တိုင်လုပ် ငါးငပိရည်ကျိုလေးကိုကြည့်ပြီး ပီတိတွေဖြာရပါပြီ ငါးပိကောင်းကောင်းလေး ရအောင်တော့ တလလောက် နှပ်ပေးရပါတယ် ဒါဆိုရင်တော့ ငါးပိရည်ကျိုဖို့ ငါးပိမွှေးမွှေးလေး ရပါပြီ။

ပါဝင်ပစ္စည်းများ

  • ဘာဆာငါး သို့မဟုတ် နှစ်သက်ရာငါး - ၂ကီလို
  • ဆားကြမ်း - ၁၅ကျပ်သား (ဆားအပေါ့အငံကို ချင့်ချိန်ပြီး ထည့်ပေးပါ)
  • ဆန်ဆေးရည် - လိုသလောက်
ပြင်ဆင်ပုံ
  • ဘာဆာငါးကို ပလပ်စတစ်အိတ်ထဲ လေလုံအောင်ထုတ်ပြီး ဇလုံတလုံးထဲမှာ တရက်နှင့် တညလောက်ထားပေးပါ
  • နောက်နေ့ညနေလောက်မှာ ငါးထုတ်ကိုဖြည်ပြီး သစ်သားယောင်းမနှင့် ငါးများကျေအောင် ဖိချေပေးပါ
  • ငါးအသားများ ကျေသွားပါက ဆား၅ကျပ်သားလောက် ထည့်ပေးကာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ဆားမပေါက်နိုင်သော ဇလုံထဲမှာထည့်ကာ ယင်ကောင်မနားစေရန် ပိတ်စပါးပါးလေးနှင့် လုံအောင်အုပ်ပြီး နေလှန်းပေးပါ
  • နောက်နေ့မနက်မှာ နောက်ထပ်ဆား ၅ကျပ်သားလောက် ထပ်ထည့်ပြီး သမအောင်မွှေကာ လုံအောင်ပိတ်ပြီး နေလှန်းပေးပါ
  • နောက်ထပ်၃ရက်လောက် နေလှန်းပေးပြီးပါက ငါးအသားများ အနည်းငယ် ခြောက်စပြုလာပြီဖြစ်လို့ ပုလင်းသန့်သန့်ထဲ ပြောင်းထည့်ပါ
  • ပုလင်းထဲကို ဖိဖိထည့်ပေးပြီး ပုလင်းပြည့်အောင် မထည့်ဘဲ လက်၃လုံးလောက် နေရာချန်ပေးပါ
  • ဆား ၅ကျပ်သားလောက်ကို ဆန်ဆေးရည်နှင့်ဖျော်ကာ ငါးပိပုလင်း နေရာလွတ်နေသော အထဲသို့ လောင်းချပေးကာ ပလပ်စတစ်စနှင့် လုံအောင်အုပ်ကာ ထိုပုလင်းကို တပါတ်လောက် နေလှန်းပေးပါ
  • ပြီးရင်တော့ အခန်းအပူချိန်အတိုင်း တလလောက်ထားပေးပါ
  • လပြည့်နေ့ရေတက်ချိန်မှာ ငါးပိပုလင်းထဲမှ တက်လာသော ငံပြာရည်ကို ခပ်ထားပြီး ဟင်းချက်ရာတွင် သုံးနိုင်ပါတယ်
  • ခပ်လိုက်သော ငံပြာရည်အစား ဆားအနည်းကို ဆန်ဆေးရည်နှင့်ဖျော်ပြီး ထပ်ဖြည့်ပေးကာ ပုလင်းကို လုံအောင် ပြန်အုပ်ပေးပါ
  • လကွယ်ရက်မှာ ငံပြာရည်များ ခမ်းသွားတတ်ပြီး လပြည့်ရဆိုရင်တော့ ငံပြာရည် ပြန်ပြီးတက်လာတတ်ပါတယ်
  • ထိုနည်းအတိုင်း ငံပြာရည်ကို တလတခါ ခပ်ယူပြီး ဆားရည်ပြန်ပြီး ဖြည့်ပေးရသလို ငါးပိနှပ်ထားချိန် တလလောက် ပြည့်တာနဲ့ ငါးပိနပ်ပါပြီ
  •  ငါးငပိနပ်ပြီဆိုပါက ငါးပိရည်ကျိုရန် ငါးငပိမွှေးမွှေးလေး ရပါပြီ။

Saturday, 29 October 2016

အိန္ဒိယစတိုင်​လ် ကြက်​သားဟင်း







ဒီနေ့တော့ ပိတ်ရက်လေးမှာ ကြက်သားကို မွှေးမွှေးလေးချက်ကာ ပလာတာရိုက်ပြီး ပလာတာနဲ့စားဖို့ ပြင်ပါမယ် ပလာတာ လုပ်နည်းကတော့ တင်ပေးပြီးသားဖြစ်လို့ ကြက်သားဟင်း ချက်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်အနေတော်  - ၆ခု
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး၇မွှာ
  • ချင်း - လက်မ၀က်ခန့်သာသာ
  • မဆလာ - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင့်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နံနံစေ့ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီးစိမ်း - ၂တောင့်
  • ငရုတ်ကောင်းစေ့ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ကြက်သားနှပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်များကို ရေဆေးပြီး ထက်ဝက်ပိုင်း ခုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စဉ်းထားပါ 
  • ချင်းတ၀က်ကို အခွံခွာထားပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • မဆလာ ဆား နနွင်းမှုန့်နှင့် အချိုမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးကာ ရေခဲသေတ္တာထဲမှာ တနာရီလောက် နှပ်ထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး အစေ့များ ထုတ်ထားပါ
  • ကျန်နေသောချင်းတ၀က်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်ကောင်းစေ့ကို ညက်အောင်ထောင်းထားပါ
  • သံပုရာရည်ကို အဆင်သင့်ပြင်ထားပါ
  • ဆီနှင့် ငရုတ်သီးအရောင်တင်မှုန့်ကို ပြင်ထားပါ
  • ဟင်းမချက်ခင် အရသာနယ်ထားသော ကြက်သားများကို ရေခဲသေတ္တာထဲမှ ထုတ်ထားပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ပေးကာ အညှိရောင်သန်းလာတဲ့အထိ ကြော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ချင်း နံနံစေ့ ငရုတ်သီးမှုန့်တို့ထည့်ပြီး ၅ချက်လောက် ဆက်တိုက်မွှေပးပါ
  • ပြီးမှ အရသာဝင်အောင် နှပ်ထားသော ကြက်ပေါင်များကို ဆီသတ်ထားသော ဒယ်အိုးထဲထည့်ပြီး ရောမွှေပေးပါ
  • ကြက်သားအသားများ မာပြီးတင်းလာတော့မှ ငရုတ်ကောင်းမှုန့်ထည့်မွှေပေးပါ ပြီးမျွှ ကြက်သားမြုပ်ရုံ ရေထည့်ပြီး ပွက်လာအောင် တည်ပေးပါ
  • အိုးအဖုံးကို အုပ်ပြီး မီးနည်းနည်းဖြင့် ကြက်သားနူးအိလာသည် အထိတည်ထားပေးပါ
  • ကြက်သား နူးအိပြီး ဆီမပြန်ခင် ဆီလည်ရေလည်လေး ရလာလျှင် သံပုရာရည်နှင့် မာဆလာ လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပြီး သမအောင်ရောမွှေကာ အိုးအဖုံးပြန်အုပ်ထားပြီး မီးပိတ်ထားပေးပါ
  • ဆီမပြန်ခင် ဆီလည်ရေလည်လေး ရပြီဆိုတာနဲ့ အရသာရှိလွန်းတဲ့ အိန္ဒိယစတိုင်လ် ကြက်သားဆီပြန် ဟင်းကို ပလာတာနှင့် တွဲဖက်ကာ နှစ်သက်ရာ အချဉ်တို့ ပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။



Friday, 28 October 2016

ချဉ်ပြီးစပ်မွှေးနေတဲ့ ဂုံးသုပ်






ဒီနေ့တော့ ပင်လယ်စာ တခုဖြစ်တဲ့ ဂုံးကိုသုပ်ပါမယ် ပင်လယ်စာတွေစားဖို့ ပြင်မယ်ဆိုရင် ရိုးရိုးရှင်းရှင်း ဖြစ်တဲ့ နည်းကိုဘဲ အသုံးပြုသင့်ပါတယ်  အချိန်အကြာကြီး ချက်ခြင်း ပြုတ်ခြင်းတို့ကို ရှောင်ရှားရပါတယ် အချို့အချို့သော ပင်လယ်စာတွေဆို မချက်ဘဲ အစိမ်းစားကြတာတွေလဲ တွေ့ရမှာပါ ။

ဒီနေ့တော့ ပင်လယ်စာ တမျိုးဖြစ်တဲ့ ဂုံးကိုသုပ်ပါမယ် ready made အထုတ်ကို သုပ်မှာဖြစ်လို့ ဂုံးအသားကို ရေနွေးပွက်ပွက်ဆူနေတာနဲ့ ၂မိနစ်လောက် စိမ်ပေးပြီးမှ သုပ်ဖို့ပြင်ပါမယ်။

ပါဝင်ပစ္စည်းများ

  • Mussels (ဂုံး ) - 350g
  • ကြက်သွန်နီ - အနေတော်၂ လုံး
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • သံပုရာရည် - အချဉ်စားနိုင်သလောက်
  • ငါးငံပြာရည် - ထမင်းစားဇွန်း၂ ဇွန်း
  • အချိုမှုန့်- လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တဇွန်း
  • ရှောက်ရွက် -၂ရွက်
ပြင်ဆင်ပုံ
  • အသင့်ပြုပ်ပြီးသား ဂုံးအသားများကို ဘေးအပေါ်ဖက်မှ အစာအိတ်များ ထုတ်ပေးကာ ဖယ်ထားပါ
  • ဂုံးကောင်မှ မလိုသော အစာအိတ်များ ဖယ်ပြီးပါက ရေနှင့်စင်အောင် ဆေးပေးပါ
  • ရေဆေးထားသော ဂုံးများကို ပွက်ပွက်ဆူနေသော  ရေနွေးဖျောကာ ၂မိနစ်လောက်ရတာနဲ့ အအေးပြန်ခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ခပ်ကြမ်းကြမ်းလှီးကာ ရေဆေးထားပါ
  • ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဇလုံခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးထည့်ပေးကာ ငါးငံပြာရည် သံပုရာရည် အချိုမှုန့် ဆီချက် ငရုတ်သီးမှုန့် ငရုတ်သီးစိမ်း ရှောက်ရွက်တို့ထည့်ကာ  သမအောင် နယ်ပေးပါ
  • အရသာ နယ်ပေးပြီးပါက အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပန်းကန်တခုထဲ ထည့်ပေးကာ ချဉ်ပြီးစပ်မွှေးနေတဲ့ ဂုံးသုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Wednesday, 26 October 2016

သတ်သတ်လွတ် ပိန္နဲစေ့ဆီပြန်







ပိန္နဲစေ့လေးတွေ ရလာလေတော့ ပြုပ်စားရင် ကောင်းလေမလား ဆီပြန်ဟင်းလေး ချက်လိုက်ရ ကောင်းမလား ပဲကုလားဟင်းလေး ချက်လိုက်ရ ကောင်းလေမလားလို့ စဉ်းစားနေရင်းက ထမင်းစား မိန်စေမဲ့ သတ်သတ်လွတ် ဆီပြန်ဟင်းလေးဘဲ ချက်ဖြစ်သွားလို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပိန်းန္နဲစေ့ - 500g
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံး အသေးတလုံး
ပြင်ဆင်ပုံ
  • ပိန္နဲစေ့များကို ရေဆေးထားပေးပါ
  • မာမာကတော့ ready made အခွံခွာပြီးသား အထုတ်ကို ချက်ပါတယ်
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးမှာ အခွံခွာထားသော ပိန္နဲစေ့များ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား  နနွင်းမှုန့် ငရုတ်သီးမှုန့် အချိုမှုန့် ဆီတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန္နဲစေ့များ လုံးမိတာနဲ့ ရေကိုထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန္နဲစေ့များ နူးလာပြီးပါက ဆီပြန်အောင် တည်ပေးပါ
  • ပိန္နဲစေ့ ဆီပြန်ဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ သတ်သတ်လွတ် ဟင်းတမယ်ကို သုံးဆောင်ရန် ပြင်ပေးပါ။

Tuesday, 25 October 2016

ဆိတ်​​သားအာလူး ခရမ်းချဉ်သီးအရည်​​သောက်​ဆမ်း


ဆိက်သားဝယ်လေတိုင်း ဆိတ်သားက အသားကောင်းကောင်း မရတာ များပါတယ် ၀ယ်လို့ရလာတဲ့ အသားထဲကမှ အသားကောင်းတာလေးတွေ ရွေးယူပြီး ချက်တန်ချက် ကြော်တန်ကြော်ဖို့ ဖယ်ထားပြီး အသားမှာ ကပ်ပါနေတဲ့ အရွတ်တွေ ပါတဲ့နေရာကို ဖယ်ထားကာ အခုလို ခရမ်းချဉ်သီး များများနဲ့ အရည်သောက်ဆမ်း ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ် ခရမ်းချဉ်သီး အချဉ်ကြောင့် အသားမှာ ကပ်နေတဲ့ အရွတ်တွေကလဲ နူးလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆိတ်သား အသားနှင့်တွဲရက် အရွတ်ပါသောနေရာ - 400g
  • အာလူး - အနေတော် ၃လုံး
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - လက်နှစ်ဆစ်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း ( တ၀က်ကို အရသာနယ်ပါ )
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း (တ၀က်ကို ဟင်းအရသာနယ်ပါ)
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း မောက်မောက်
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ
  • ဆိတ်သားများကို သံပုရာရည်နှင့် နယ်ဆေး၍ ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
  • တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီးမှုန့်နှင့် ညက်အောင်ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
  • ခရမ်းချဉ်သီးများကို ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ဆိတ်သားအရသာနယ်ကို လှီးထားသော ခရမ်းချဉ်သီး ငရုတ်သီးထောင်းနှင့် ရောနယ်ပြီး ဆား အချိုမှုန့် ဆီနှင့် ရေအနည်းငယ်ထည့်ကာ လုံးချက်ချက်ပေးပါ
  • ရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
  • ဆိတ်သားမှာ ကပ်ပြီးပါနေတဲ့ အရွတ်များ ပါတဲ့အတွက် အရွတ်များ မနူးသေးရင် ရေထပ်ထည့်ပြီး တည်ပေးပါ
  • အသားမနူးသေးခင် နောက်ဆုံးတကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တခါထဲထည့်ပေးပါ
  • အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလုပ်ရန် မီးပိတ်ပေးပါ
  • ဆိတ်သားအာလူး ခရမ်းချဉ်သီး အရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Monday, 24 October 2016

ချဉ်ငံစပ် ငါးဖယ်​ကြာဇံသုပ်


ဒီနေ့တော့ ငါးဆုတ်ကြော်ပြီးသားလေးတွေ အဆင်သင့်ရှိတာနဲ့ ဆန်ကြာဇံကို ရေနွေးဖျောပြီး ကြော်ပြီးသား ငါးဖယ်ငါးဆုတ်ကြော်ကို ခပ်ပါးပါးညှပ်ကာ ချဉ်ချဉ် ငံငံ စပ်စပ်လေး သုပ်စားဖြစ်လို့ လွယ်ကူမြန်ဆန်တဲ့ ချဉ်ငံစပ် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ဆန်ကြာဇံ အခြောက်- 100g
  • ငါးဖယ်ငါးဆုတ် - ၁၀ခု ခပ်ပါးပါး ညှပ်ထားပါ
  • ပါးပါးလှီးထားသော နံနံပင်  - အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • ပုဇွန်ခြောက်မှုန့် - လိုသလောက်
  • အရသာမှုန့် - လိုသလောက်
  • ငရုတ်သီး ဆီချက် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးစာ
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး ၂လုံးစာ
  • ငံပြာရည် - လိုသလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးစာ
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
ငရုတ်သီးဆီချက် ချက်ရန်
  • ဒယ်အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို လျှော့ပလိုက်ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးမှုန့်ထည့်ပြီးတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ

ပြင်ဆင်ပုံ

  1. ဆန်ကြာဇံကို ရေမြုပ်အောင် နာရီဝက်လောက် စိမ်ထားပါ
  2. ရေစိမ်ထားသော ကြာဇံကို ရေများသွန်လိုက်ပြီး ကြာဇံထဲကို နနွင်းမှုန့်ထည့်ပါ
  3. ပြီးမှ ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံထဲကို လောင်းချပါ
  4. ရေနွေးကို ၂မိနစ်လောက်ဘဲ စိမ်ထားပြီး ဇကာထဲသွန်ချကာ ရေစစ်ထားပါ
  5. မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေနွေးပူပူ လက်ဖက်ရည်ပန်းကန်လုံး တလုံးစာနဲ့ စိမ်ထားပါ
  6. အသုပ်ထဲထည့်ရန် ပါဝင်ရမည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ခပ်ပါးပါး ညှပ်ထားသော ငါးဖယ်နှင့် ကြာဇံတို့ကို တပွဲစာထည့်ပေးပါ
  • ငရုတ်သီးဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် အနည်းငယ်  ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်စုံ အရသာနယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ငါးဖယ် ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

Sunday, 23 October 2016

ဂဏန်းအပျော့ ဆီပြန်












ပင်လယ်စာရောင်းတဲ့ဆိုင်ကို သွားပြီး ဂဏန်းစားချင်လို့ ၀ယ်မိပါတယ် သေချာကြည့်လိုက်တော့ မြန်မာပြည်က လာတာဖြစ်နေတယ် အရည်ပျော့လေးတွေဆိုတော့ ၅ကောင်ကို $17.29 ဒေါ်လာ ပေးခဲ့ရပေမဲ့ တန်ပါတယ်လေဆိုပြီး စိတ်ဖြေကာ ဆီပြန်ဟင်းလေး ချက်မိလေတော့ လွယ်ကူမြန်ဆန် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း အပျော့ - ၅ကောင် 
  • ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  • ကြက်သွန်နီ - အနေတော် တဥ 
  • အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တ၀က်
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ  
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ  
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ

  1. ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများကို ပုံပါအတိုင်း အဆင့်ဆင့် ဖယ်ပေးပါ
  2. ဂဏန်းကို ပက်လက်လှန်လိုက်ကာ ရေယက်သော ဘတ်လတ်လေးးကို လှန်လိုက်ပြီး ကပ်ကြေးနှင့် ညှက်ကာ ဖယ်ပေးပါ
  3. ဂဏန်းကို မှောက်ခုံပြန်ထားပြီးပါက အရှေ့ဖက်မှာ မျက်လုံးနေရာကို ကပ်ကြေးနှင့်ညှပ်ပြီး ဖယ်ပေးပါ
  4. အပေါ်အရည်ခွံပျော့ကို အသာလှန်ပေးပြီး အောက်ဖက်မှ ပါးဟက်ဖြူဖြူများကို ဖယ်ထုတ်ပေးပါ
  5. အားလုံး သန့်စင်ပေးပြီးပါက ဂဏန်းများကို ဇလုံတလုံးထဲ ထည့်ပေးပါ
  6. သန့်စင်ထားသော ဂဏန်းများကို ဇလုံတခုထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  7. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လှီးပေးပါ
  8. ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  9. သံပုရာရည်ကို ညှစ်ယူထားပါ
  10. ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဒယ်အိုးကို အပူပေးပါ
  2. အိုးပူလာတာနဲ့ ဆီကိုထည့်ပါ
  3. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပါ
  4. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကို အထက်အောက် သမအောင် ၃ချက်လောက် ထည့်မွှေပါ
  5. ဂဏန်းများ အရောင်းပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပြီး အထက်အောက် လှန်ပေးပါ
  6. ဆီသတ်နံ့ မွှေးလာပြီဆိုတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  7. ရေမခမ်းခင် သံပုရာရည်ထည့်၍ သမအောင် မွှေပေးပြီး အရသာမြည်းပါ
  8. အရသာ လိုသလို ပြင်ပေး၍ ရေခမ်းပြီး ဆီပြန်တာနဲ့ဂဏန်းဟင်းဆီပြန် မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Saturday, 22 October 2016

ကန်စွန်းဥပေါင်း အိအိလေး







ကန်စွန်းဥရဲ့ ကောင်းကျိုးတွေ လိုက်ဖတ်ရင်း လူ့ကိုယ်ခန္ဓာအတွက် များစွာသော ကောင်းကျိုးတွေ အထောက်အကူ ပေးတယ်ဆိုတာ သိလာတော့ ကန်စွန်းဥကို သရည်စာတခုလို လုပ်စားမိပြန်ပါတယ်။

ကန်စွန်းဥ စားသုးံခြင်းဖြင့် အမြင်အာရုံ ဆုံးရှုံးမှု မဖြစ်ရလေအောင် ကူညီပေးပြီး 
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အတွက် ကန်စွန်းဥကို မကြာမကြာ စားပေးသင့်တယ်လို့ ဆိုကြပါတယ်

ကန်စွန်းဥကို စားသုံးခြင်းကြောင့် ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွင်း ရောက်သွားတဲ့အခါ  ဗီတာမင် A အဖြစ်သို့ ပြောင်းလဲပေးတဲ့ beta-carotene ပမာဏမြောက်များစွာ ပါရှိပါတယ်လို့လဲ ဆိုကြပါတယ် ကန်စွန်းဥက အမျှင်ဓာတ် အရင်းအမြစ်ကောင်းကာ ပုံမှန်အရွယ်အစားရှိတဲ့ ကန်စွန်းဥ တလုံးစားခြင်းက အမျှင်ဓာတ် ၄ ဂရမ် ရရှိစေတယ်လို့ ဆိုကြပြန်ပါတယ်။

အမြင်အာရုံ ဆုံးရှုံးမှုကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင် A က ကိုယ်ခံအားစနစ် တိုးမြင့်စေနိုင်ပြီး မျက်စိနဲ့ အရိုးတွေ ပိုမိုပြီး ကျန်းမာစေနိုင်ပါတယ်လို့လဲ ပြောကြပြန်တဲ့အတွက် ကန်စွန်းဥကို နည်းမျိုးစုံလုပ်ပြီး စားသုံးပေးသင့်တဲ့အတွက် ဒီနေ့တော့ ငချိတ်ကန်စွန်း ကန်စွန်းဥပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ - ခပ်ကြီးကြီး တလုံး
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲဆီ- ထမင်းစားဇွန်း ၅ဇွန်းခန့်
ပြင်ဆင်ပုံ
  • ကစွန်းဥကို အခွံခွာပြီး ရေစင်အောင်ဆေးပေးပါ
  • ရေဆေးထားသော ကန်စွှန်းဥကို ပုံပါအတိုင်း အကွင်းလိုက် လှီးပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကန်စွန်းဥများကို ပေါင်းအိုးဇကာထဲမှာ စီပြီးထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲကို ရေတ၀က်သာသာလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပေါင်းအိုးအောက်ခံရေအိုး ပွက်ပွက်ဆူလာပါက ကန်စွန်းဥထည့်ထားသော ပေါင်းအိုးဇကာကို ရေနွေးအိုးပေါ်တင်ပြီး ပေါင်းပေးပါ
  • ကန်စွန်းဥ အမျိုးအစားပေါ်မူတည်ပြီး ပေါင်းချိန်မတူနိုင်တဲ့အတွက် အနည်းဆုံး မိနစ်၂၀လောက် ပေါင်းပေးပြီးပါက ကန်စွန်းဥကို ဒုတ်ချွန်လေးနှင့် ထိုးထိုးကြည့်ပေးပါ
  • ကန်စွန်းဥအသား ပျော့အိလာပါက မီးပိတ်ထားပြီး လက်ကျန်အပူရှိန်နှင့် မီးဖိုပေါ်မှာ တင်ထားပေးပါ
  • ကန်စွန်းဥအသား မပျော့သေးဘဲ မာဆတ်ဆတ်ဖြစ်နေပါက ပျော့လာတဲ့အထိ ပေါင်းပေးပါ
  • ပန်းကန်ခပ်သေးသေး တခုထဲမှာ ဆီနှင့်ဆားထည့်ပြီး ကန်စွန်းဥပေါင်းနှင့်တို့ကာ စားနိုင်ပါပြီ။

Friday, 21 October 2016

ခဝဲသီးဟင်း ချိုချိုလေး





ခြံထွက်ခ၀ဲသီးလေးတွေ စားရပြီဆိုတော့ အရည်သောက် ဟင်းလေးတမယ် မြိုင်မြိုင်ဆိုင်ဆိုင်လေး ချက်ဖြစ်ပြန်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေးဖြစ်ပြီး ထမင်းစား မိန်စေတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခ၀ဲသီး - အနေတော် လေးတောင့်
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာ
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပုဇွန်ထုတ် - ၅ကောင်
ပြင်ဆင်ပုံ
  1. ခ၀ဲသီးအပေါ်ဖက်မှ အခွံဇောင်းမာမာများကို ဓါးနှင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  2. အခွံအားလုံး ကုန်သွားစရာမလိုဘဲ အပေါ်ယံ ကုန်သည်ထိဘဲ ခြစ်ပါ
  3. အခွံများ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အလုံးလိုက် ရေဆေးပေးပါ
  4. ရေဆေးပြီးမှ အကွင်းလိုက် ခပ်ထူထူလေး လှီးပေးပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  7. ပုဇွန်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  8. ဇောက်နက်သော အိုးတလုံးထဲမှာပုဇွန် ခ၀ဲသီး ဆား ဆီ အချိုမှုန့် နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပေးကာ အရသာဝင်အောင် ခပ်ဖွဖွနယ်ပေးပါ
  9. အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  10. ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ခ၀ဲသီးအစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲစာထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  11. ရေဆူပြီး သခွားသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်ကဖယ်ထားပြီး သုံးဆောင်နိုင်ပါပြီ

Wednesday, 19 October 2016

ငါးနီတူ အစပ်ကြော်



ဒီနေ့တော့ အေးရှန်းဆိုင် တဆိုင်ကိုသွားတာ မြန်မာပြည်က ငါးနီတူခြောက်လေးတွေ ရလာခဲ့တယ် ခပ်စပ်စပ်လေးကြော်ပြီး စားချင်စိတ်လေး ပေါ်လာတာကြောင့် ခ၀ဲသီးဟင်းချိုလေးချက်ကာ ထမင်းမိန်စေမဲ့ ငါးနီတူခြောက်ကြော်လေး ကြော်ဖြစ်သွားလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးနီတူခြောက် - 300g
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - 500ml

ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပြီး ချေထားပါ
  • ငါးနီတူခြောက်က်ကို ခေါင်းများဖြုတ်ပေးကာ ရေများများထဲမှာ လှုပ်ပြီးဆေးကာ ရေစစ်ထားပေးပါ
  • ငရုတ်သီးမှုန့်ကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ကြက်သွန်နီများ ကြော်လို့လွယ်စေရန် အနည်းငယ် ချေပေးထားပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးအနည်းငယ် လျှော့ပေးပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
  • ရွှေဝါရောင် စသန်းလာတာနဲ့ မီးကိုအနည်းငယ်လျှော့ကာ ကြက်သွန်နီကို အနည်းငယ် ကြွတ်လာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်များ ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီး ဇကာထဲထည့်ကာ  ဆီစစ်ပေးပါ
  • ထိုဆီပူထဲမှာဘဲ မီးကိုအနေတော်ထားပြီး ငါးခြောက်များကို ရွှေအိုရောင် ဖြစ်လာတဲ့အထိ မွှေကြော်ကြော်ပေးပါ
  • ရွှေအိုရောင် အရောင်ပြောင်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်သာ ချန်ထားပြီး မီးကို အောက်ဆုံးအထိ လျှော့ပေးကာ  ငရုတ်သီးလုံးခြမ်းကွဲ အမှုန့်ကိုထည့်ပြီး မွှေပေးပါ မီးများလျှင် ငရုတ်သီးများ မည်းသွားတတ်တဲ့အတွက် မီးကိုအကုန်လျှော့ပြီးမှ ငရုတ်သီးကို သတိထားပြီး ကြော်ပေးကာ ဆယ်ပေးထားပါ
  • ငါးခြောက်ကြော်များ အေးသွားမှ အအေးခံထားသော ငရုတ်သီးကြော် ကြက်သွန်နီကြော်တို့နှင့် ရောမွှေကာ ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ခ၀ဲသီးဟင်းချိုနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Monday, 17 October 2016

ကန်စွန်းဥကြော် ကြွတ်ကြွတ်မွှေးမွှေးလေး



ကန်စွန်းဥမှာ Vitamin A, B, နှင့် E စသည်တို့ ပါဝင်တဲ့အတွက် လူသားတို့ရဲ့ ကျန်းမာရေးကို များစွာမှ အထောက်အကူပေးတဲ့ သဘာဝ အသီးအနှံတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။
ကန်စွန်းဥမှာ  ရွှေဝါရောင် ငချိတ်ရောင် အဖြူဖျော့ဖျော့ရောင်တို့ ရှိကြပြီး ကန်စွန်းဥတင် မဟုတ်ဘဲ ကန်စွန်းရွက် ကန်စွန်းအညွန့် အားလုံးတို့ကလည်း ဆေးဖက်ဝင်တယ်လို့ ဆိုကြပါတယ်

ကန်စွန်းဥရဲ့ကောင်းကျိုးများကို 
ဆရာစောနွဲ့နေဆိုင် ပူတာအိုက အခုလိုဖော်ပြထားပါတယ်

(၁) အစာအိမ်နှင့် အူလမ်းကြောင်းတို့ကို အားကောင်းစေသည်။
(၂) မျက်စိနှင့်အမြင် အာရုံကြောများကို အားကောင်းစေသည်။
(၃) အာဟာရပြည့်ဝ၍ ခန္ဓာကိုယ်နှင့်ဦးနှောက်တို့ကို ဖွံ့ဖြိုးစေသည်။
(၄) နှလုံးကို အားကောင်းစေသည်။
(၅) ကိုယ်ခံအားမြင့်စေ၍ ပြင်ပမှ ကူးစက်ရောဂါများကို ကာကွယ်ပေးသည်။
(၆) ဗီတာမင်ဓါတ်များနှင့်သံဓါတ်များပြည့်ဝသည်။ ၀မ်းချုပ်ခြင်းမှ ကင်းဝေးစေသည်။
(၇) အဆုတ်၏ လုပ်ဆောင်မှုများကို အားကောင်းစေသည်။
(၈) အသည်းကို သန့်စင်ပေးကာ 
အဆီကို ကျစေသည်။
(၉) သွေးထဲမှ သကြားဓါတ်ကို ထိန်းညှိပေးကာ သွးပေါင်း မှန်စေသည်။
(၁၀) ဖိုက်ဘာဓါတ်ပြည့်ဝ၍ အစာကြေလွယ်စေပြီး ခွန်အားကို ဖြစ်စေသည်။
(၁၁) အစားအစာထဲမှ မလိုအပ်သော အဆီဓါတ်များကို စုပ်ယူပေးသည့်အတွက် အ၀လွန်ရောဂါကို ကာကွယ်ပေးသည်။
(၁၂) သဘာဝအသီးအနှံဓါတ် ပြည့်ဝ၍ အသားအရေကို စိုပြေလှပစေသည်။ 

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကန်စွန်းဥရဲ့ကောင်းကျိုးလေးတွေ ပြန်လည်ဝေငှပေးရင်း ကန်စွန်းဥကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်


ပါဝင်ပစ္စည်းများ

  • ရွှေကန်စွန်းဥ - အလုံးကြီးကြီး သုံးလုံး
  • ထုံး - လက်ဖက်ရည်ဇွန်း တ၀က်
  • ရေ  - ၂လီတာခန့်
  • ဆီ - လီတာဝက်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ပြင်ဆင်ပုံ


  1. ထုံးကို အရည်ဖျော်ပြီး တညသိပ်လောက်ထားကာ အရည်ကြည်ကို ယူပါ
  2. ကန်စွန်းဥကို အခွံခွာကာ ဓါးနဲ့လက်တလုံးလောက်လေးတွေ ပုံပါအတိုင်း လှီးပေးပါ
  3. အားလုံးလှီးပြီးရင် ထုံးရည်ကြည်နဲ့ နာရီဝက်လောက် စိမ်ပေးပါ
  4. ထုံးအဆင်သင့် မရှိပါက ဒီအတိုင်းဘဲ ကြော်ပေးပါ
  5. ထုံးရည်ကြည် စိမ်ထားချိန် နာရီဝက်လောက် ပြည့်တာနဲ့ကန်စွန်းဥများကို ဆယ်ပြီး ရေစစ်ထားပါ
  6. ရေစစ်တာနဲ့ ဆားနှင့်အရသာ နယ်ပေးပါ

  7. ဇောက်နက်တဲ့ အိုးကို အပူပေးပြီး ဆီ လီတာဝက်လောက်ထည့်ကာ အပူပေးပါ
  8. ဆီပူလာတာနဲ့ ကန်စွန်းဥကို အရည်စစ်ပြီး အနေတော် နည်းနည်းခြင်းယူကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  9. အကျက်ညီအောင် မကြာမကြာမွှေပေးပါ
  10. ကန်စွန်းဥများ ကြွတ်ရွလာပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပေးပါ
  11. ကန်စွန်းဥ ကုန်တဲ့အထိ ကြော်ပေးပြီး ကန်စွန်းဥကြော်များကို ဆီစစ်ရင်း အအေးခံထားပါ
  12. အအေးခံထားသော ကန်စွန်းဥကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို သရည်စာအဖြစ် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  13. ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်သလို အအေးနဲ့လဲ လိုက်ဖက်လွန်းတဲ့ အကြော်မွှေးမွှေးလေးဖြစ်တဲ့အတွက် အားလပ်တဲ့အခါ ကြော်စားကြည့်စေချင်ပါတယ်
  1. ကန်စွန်းဥ ခပ်ကြီးကြီး သုံးလုံးဆိုရင် အများကြီးရတဲ့အတွက် တခါထဲ မကုန်နိုင်ပါက စားနိုင်သလောက်ကိုဘဲ အကျက်ကြော်ကာ ကျန်နေသော ကန်စွန်းဥများကို အကုန်လုံး ကျက်ကုန်အောင် မကြော်ဘဲ နွမ်းတယ်ဆို ရုံလေးကြော်ကာ အအေးခံ၍ အိတ်လေးများနှင့်ထည့်ကာ ရေခဲသေတ္တာအပေါ်ထပ်မှာ ခဲထားပြီး စားကာနီးအောင် ကျက်အောင်ပြန်ကြော်ပေးပြီး ကြော်စားနိုင်ပါတယ်။