Friday, 14 October 2016

ကန်စွန်းဥသာဂူ အုန်းနို့ဆမ်း စိမ့်စိမ့်လေး





အပြင်စာ စားခဲ့တဲ့အတွက် နေ့လည်နေ့ခင်းလဲ အိမ်မှာဘဲ မုန့်ပဲသရည်စာ တမျိုးမျိုး လုပ်စားဖြစ်ကြပါတယ် ဒီနေ့တော့ သာဂူအုန်းနို့ဆမ်းလေး သောက်ချင်စိတ် ပေါ်လာတာနဲ့ သာဂူကျိုဖြစ် ပြန်ပါတယ် မာမာကျိုတဲ့နည်းအတိုင်း ကျိုလိုက်ရင် သာဂူစေ့တွေ အရမ်းပွမသွားဘဲ ၃ရက်လောက်အထိ ရေခဲသေတ္တာထဲမှာ ထားပြီးစားနိုင်တဲ့အတွက် ကျိုကြည့်စေချင်ပါတယ်။

ကျိုနည်းလေးက အရမ်းကို လွယ်ပါတယ် ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ သာဂူစေ့အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သာဂူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • အုန်းနို့ - 800ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  • သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • သာဂူကျိုရန် ရေနွေးဆူဆူ - ၅လီတာ
  • Food colour ပန်းရောင် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး


ပြင်ဆင်ပုံ

  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. ရေဆေးစဉ် သာဂူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
  3. ရေပွက်ပွက်ဆူလာပါက ရေဆူဆူထဲကို food colour ပန်းရောင်နှင့် သာဂူစေ့များ ထည့်ပြီး မွှေပေးပါ
  4. သာဂူများ ခဲပြီး ကပ်မသွားစေရန်နှင့် အရောင်ညီစေရန် မကြာမကြာ မွှေပေးပါ
  5. သုံးသော သာဂူများ မတူနိုင်သောကြောင့် သာဂူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
  6. သာဂူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာဂူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  7. သာဂူစေ့များ အေးလာပါက ရေစစ်ထားပါ
ကန်စွန်းဥပြုပ်ရန်
  • ကန်စွန်းဥကို ရေမြုပ်အောင်ထည့်ပြီး ကန်စွန်းဥ နူးတဲ့အထိ ပြုပ်ပေးပါ
  • ကန်စွန်းဥ နူးမနူးသိစေရန် သွားထိုး ဒုတ်တံလေးဖြင့် ထိုးကြည့်ပါ
  • ကန်စွန်းဥအသား အိနေပြီဆိုရင် မီးပိတ်ပြီး အအေးခံကာ အခွံခွာ၍ ပုံပါအတိုင်း လှီးထားပါ
အုန်းနို့ကျိုရန်
  • ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ
  • အုန်းနို့ထဲသို့ သကြား ဆားတို့ရောမွှေကာ အပူပေးပါ
  • အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
  • သာဂူ ကန်စွန်ဥ အုန်းနို့တို့ကို သတ်သတ်စီ ဗူးတခုစီနှင့် ထည့်ထားပါက ရေခဲသေတ္တာထဲမှာ ၃ရကိလောက်အထိ ထားနိုင်ပါတယ်
  • အအေးခံထားသော သာဂူနှင့် ကန်စွန်းဥကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ပန်းကန်တခုထဲမှာ ပြင်ပေးပါ
  • ကန်စွန်းဥသာဂူ အုန်းနို့ဆမ်း စိမ့်စိမ့်လေး ရပါပြီ။
  • အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိုင်ပါတယ်။

No comments:

Post a Comment