Sunday, 23 October 2016

ဂဏန်းအပျော့ ဆီပြန်












ပင်လယ်စာရောင်းတဲ့ဆိုင်ကို သွားပြီး ဂဏန်းစားချင်လို့ ၀ယ်မိပါတယ် သေချာကြည့်လိုက်တော့ မြန်မာပြည်က လာတာဖြစ်နေတယ် အရည်ပျော့လေးတွေဆိုတော့ ၅ကောင်ကို $17.29 ဒေါ်လာ ပေးခဲ့ရပေမဲ့ တန်ပါတယ်လေဆိုပြီး စိတ်ဖြေကာ ဆီပြန်ဟင်းလေး ချက်မိလေတော့ လွယ်ကူမြန်ဆန် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း အပျော့ - ၅ကောင် 
  • ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  • ကြက်သွန်နီ - အနေတော် တဥ 
  • အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တ၀က်
  • သံပုရာရည် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ  
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ  
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ပုံ

  1. ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများကို ပုံပါအတိုင်း အဆင့်ဆင့် ဖယ်ပေးပါ
  2. ဂဏန်းကို ပက်လက်လှန်လိုက်ကာ ရေယက်သော ဘတ်လတ်လေးးကို လှန်လိုက်ပြီး ကပ်ကြေးနှင့် ညှက်ကာ ဖယ်ပေးပါ
  3. ဂဏန်းကို မှောက်ခုံပြန်ထားပြီးပါက အရှေ့ဖက်မှာ မျက်လုံးနေရာကို ကပ်ကြေးနှင့်ညှပ်ပြီး ဖယ်ပေးပါ
  4. အပေါ်အရည်ခွံပျော့ကို အသာလှန်ပေးပြီး အောက်ဖက်မှ ပါးဟက်ဖြူဖြူများကို ဖယ်ထုတ်ပေးပါ
  5. အားလုံး သန့်စင်ပေးပြီးပါက ဂဏန်းများကို ဇလုံတလုံးထဲ ထည့်ပေးပါ
  6. သန့်စင်ထားသော ဂဏန်းများကို ဇလုံတခုထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  7. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လှီးပေးပါ
  8. ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  9. သံပုရာရည်ကို ညှစ်ယူထားပါ
  10. ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဒယ်အိုးကို အပူပေးပါ
  2. အိုးပူလာတာနဲ့ ဆီကိုထည့်ပါ
  3. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပါ
  4. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကို အထက်အောက် သမအောင် ၃ချက်လောက် ထည့်မွှေပါ
  5. ဂဏန်းများ အရောင်းပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပြီး အထက်အောက် လှန်ပေးပါ
  6. ဆီသတ်နံ့ မွှေးလာပြီဆိုတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  7. ရေမခမ်းခင် သံပုရာရည်ထည့်၍ သမအောင် မွှေပေးပြီး အရသာမြည်းပါ
  8. အရသာ လိုသလို ပြင်ပေး၍ ရေခမ်းပြီး ဆီပြန်တာနဲ့ဂဏန်းဟင်းဆီပြန် မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

1 comment:

  1. အကုန်လှန်လှောပြီးအားရပါးရစားသွားတယ်မမာရေ။
    အိုင်အိုရာ

    ReplyDelete