Monday, 24 October 2016

ချဉ်ငံစပ် ငါးဖယ်​ကြာဇံသုပ်


ဒီနေ့တော့ ငါးဆုတ်ကြော်ပြီးသားလေးတွေ အဆင်သင့်ရှိတာနဲ့ ဆန်ကြာဇံကို ရေနွေးဖျောပြီး ကြော်ပြီးသား ငါးဖယ်ငါးဆုတ်ကြော်ကို ခပ်ပါးပါးညှပ်ကာ ချဉ်ချဉ် ငံငံ စပ်စပ်လေး သုပ်စားဖြစ်လို့ လွယ်ကူမြန်ဆန်တဲ့ ချဉ်ငံစပ် သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ဆန်ကြာဇံ အခြောက်- 100g
  • ငါးဖယ်ငါးဆုတ် - ၁၀ခု ခပ်ပါးပါး ညှပ်ထားပါ
  • ပါးပါးလှီးထားသော နံနံပင်  - အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
  • ပဲအကျက်မှုန့် - လိုသလောက်
  • ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  • ပုဇွန်ခြောက်မှုန့် - လိုသလောက်
  • အရသာမှုန့် - လိုသလောက်
  • ငရုတ်သီး ဆီချက် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးစာ
  • မကျည်းသီးအမှည့် - ကွမ်းသီးဆံလုံး ၂လုံးစာ
  • ငံပြာရည် - လိုသလောက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး ၂လုံးစာ
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
ငရုတ်သီးဆီချက် ချက်ရန်
  • ဒယ်အိုးတလုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို လျှော့ပလိုက်ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးမှုန့်ထည့်ပြီးတာနဲ့ ပန်းကန်တခုထဲ ပြောင်းထည့်ထားပါ

ပြင်ဆင်ပုံ

  1. ဆန်ကြာဇံကို ရေမြုပ်အောင် နာရီဝက်လောက် စိမ်ထားပါ
  2. ရေစိမ်ထားသော ကြာဇံကို ရေများသွန်လိုက်ပြီး ကြာဇံထဲကို နနွင်းမှုန့်ထည့်ပါ
  3. ပြီးမှ ရေနွေးပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံထဲကို လောင်းချပါ
  4. ရေနွေးကို ၂မိနစ်လောက်ဘဲ စိမ်ထားပြီး ဇကာထဲသွန်ချကာ ရေစစ်ထားပါ
  5. မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေနွေးပူပူ လက်ဖက်ရည်ပန်းကန်လုံး တလုံးစာနဲ့ စိမ်ထားပါ
  6. အသုပ်ထဲထည့်ရန် ပါဝင်ရမည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တပွဲစာပြင်ရန်
  • ဇလုံတလုံးထဲမှာ ခပ်ပါးပါး ညှပ်ထားသော ငါးဖယ်နှင့် ကြာဇံတို့ကို တပွဲစာထည့်ပေးပါ
  • ငရုတ်သီးဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် အနည်းငယ်  ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာတို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်စုံ အရသာနယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ငါးဖယ် ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

No comments:

Post a Comment