Tuesday, 28 September 2021

ခေါက်ဆွဲကြော်



ဒီတစ်ခါတော့ ကြက်ဥလေးနဲ့ ခေါက်ဆွဲအဖြူထည်လေးကို ဂေါ်ဖီ ဘရော့ကိုလီနဲ့ ပန်းဂေါ်ဖီတွေရယ်ရောကာ ကြော်စားဖြစ်ပါတယ်။
အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် မာမာ့လိုဘဲ ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲ အစို - လေးဆယ်သား
  2. ဘရော့ကိုလီ - အနေတော်တစ်စိတ်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပန်းဂေါ်ဖီ - အနေတော် တစ်စိတ်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  10. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  11. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အကြည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ နယ်ပေးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ပန်းဂေါ်ဖီ ဂေါ်ဖီနှင့် ဘရော့ကိုလီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကြည်ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ သမအောင် မွှေပေးပြီး အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment