Monday 6 September 2021

ပဲတီချဉ်ဖတ်



ဒီတစ်ခါတော့ ငပိချက် ငံပြာရည်ချက် ငပိရည်တို့နဲ့ အရမ်းလိုက်ဖက်တဲ့ ပဲတီချဉ် အချဉ်တည်နည်း မျှဝေပေးလိုက်ပါတယ် အချဉ်တည်ရတာ မခက်ခဲလှပါဘူး။

ဒါပေမဲ့ အချဉ်ထည့်မဲ့ ပုလင်းက ပုလင်းသန့်သန့်နဲ့ အချဉ်တည်ဖို့တော့ လိုပါတယ် ထိုပုလင်းကိုဘဲ နောက်တစ်ခါ အချဉ်ထည့်ရင် ပြန်သုံးနိူင်အောင် ရေစင်အောင်ဆေးပြီး နေလှန်ကာ ပုလင်းကို တစ်ခြားဘာမှ မထည့်ဘဲ သန့်သန့်လေး ထားသင့်ပါတယ်။

နောက်တစ်ခုက အချဉ်ရည် တည်တဲ့အခါမှာ မိမိအချဉ်တည်မည့် အသီးအရွက် အနည်းအများပေါ် မူတည်ပြီး အချဉ်ရည်ကို တည်ပေးပါ။

မာမာ အခုပြင်ထားတာကတော့ သုံးယောက်စာလောက်ဘဲ ဖြစ်တဲ့အတွက် ဆန်ဆေးရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူးစာဘဲဘဲ တည်ထားပါတယ် မိမိက များများတည်ချင်ရင်တော့ မာမာပြင်ထားတဲ့ အချိုးအစားကို ဆတိုးပြီး တည်ပေးလို့ ရပ်တယ်ရှင်။

အချဉ်တည်ရန် ပါ၀င်ပစ္စည်းများ
  1. ပဲပင်ပေါက် - အနေတော် ဇကာတစ်လုံး
  2. ဆန်ဆေးရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး
  3. ဆား - 25 g
  4. အအေးခံထားသော ထမင်း - 150 g
အချဉ်ရည်တည်ပုံ
  • အချဉ်ရည်တည်ရန် ပုလင်းသန့်သန့်ကို ရေဆေးပြီး နေပူပူမှာ တစ်ရက်လောပ် လှန်းပေးထားပါ
  • ထမင်းချက်ရန် ဆေးထားသော ဆန်ဆေးရည်ကို ဇလုံသန့်သန့်ဖြင့် ထည့်ထားပါ
  • ဆန်ဆေးရည်ထဲမှာ ဆားကိုပျော်အောင် ဇွန်းနဲ့မွှေပြီး ဖျော်လိုက်ပါ
  • ဆန်ဆေးရည် အငံ ခပ်လေးလေး ဖြစ်မဖြစ်ကို လျှာနှင့် အနည်းငယ် တို့ကြည့်လိုက်ပါ
  • တော်တော်လေး ငံနေမှ ဖြစ်မှာမို့ ဆားကို ပေးထားတဲ့ နူံးအတိုင်း ထည့်ပေးပါ
  • အချဉ်တည်မည့် ဆန်ဆေးရည်မှာ ဆားမငံပါက အချဉ်ရည် အူလည်လည်ကြီး ဖြစ်သွားတတ်ပါတယ်
  • ဆန်ဆေးရည်နှင့်ဆား ထည့်ပြီးတာနဲ့ အအေးခံထားသော ထမင်းကို ဆန်ဆေးရည်ထဲ ထည့်ပေးပါ
  • ထမင်းကြမ်းက မနက်ကချက်ပြီး ညနေပိုင်းမှာ ပိုနေသော ထမင်းကြမ်းဆို ပိုပြီးကောင်းပါတယ်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အချဉ်တည်ရန် ပုလင်းထဲသို့ ပြောင်းထည့်ပြီး အဖုံးအုပ်ကာ နေပူပူမှာ ၃ရက်လောက် လှန်းပေးပါ
  • နေပူမရပါက အခန်းအပူချိန်များသော မီးဖိုဆောင်ထဲမှာ ထားပေးပါ
  • နေသုံးရက်လောက် လှန်းပြီးတာနဲ့  အသီးအရွက်များ အချဉ်တည်ရန် အဆင်သင့် ဖြစ်ပါပြီ။
အချဉ်ထည့်ရန်
  • ပဲပင်ပေါက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • အချဉ်ထည့်ခါနီး လက်ကို သန့်ရှင်းအောင် အရင်ဆုံး ဆေးထားပါ
  • အချဉ်တည်မည့် ပုလင်းထဲမှ ထမင်းများကို ဇွန်းနဲ့ခပ်ပြီး ဖယ်ပေးပါ (ပဲတီချဉ်ထဲ ထမင်းများ မရောချင်လို့ ဖယ်ခြင်းဖြစ်ပါတယ်)
  • တစ်ခြား အသီးအရွက်များ ထည့်ပါက ထမင်းများ မဖယ်ဘဲထည့်လဲ ရပါတယ်
  • ရေစစ်ထားသော ပဲပင်ပေါက်ကို အချဉ်ရည်ထဲစိမ်ပြီး အဖုံးအုပ်ကာ တစ်ညသိပ် ထားပြီးပါက နောက်နေ့မနက်ဆို ပဲပင်ပေါက် အချဉ်ကို ရပါပြီ
  • နောက်တစ်ခါ ပဲတီချဉ် ထပ်ထည့်မည် ဆိုပါက ထိုအချဉ်ရည်ထဲမှာ ထပ်ထည့်ပေးပြီးပါက တစ်နာရီလောက်နေရင် စားလို့ရပါပြီ
  • ပဲပင်ပေါက် အချဉ် ရလာပါက တို့စရာအဖြစ် စားသုံးနိူင်သလို အသုပ် သုပ်ပြီးတော့လဲ မိမိတို့ နှစ်သက်သလို  ပြင်ဆင်ပြီး သုံးဆောင်နိူင်ပါပြီ။။

No comments:

Post a Comment