Sunday 12 September 2021

ငါးကင် ငပိရည်ဖျော်



ဒီတစ်ခါတော့ အေးရှန်းဆိုင်ကို ရောက်တုန်းက ငါးချင်း တစ်ကောင် ဝယ်လာပြီး ခေါင်းပါတဲ့ တစ်ဝက်ကို ဟင်းချက်ဖို့ ပြင်လိုက်ကာ အမြှီးပိုင်း တစ်ဝက်ကိုတော့ မွှေးနေအောင်ကင်ကာ ငါးပိရည်နဲ့ ရောပြီးဖျော်ပါမယ်။ 

ငါးပိရည်သာ ပါလို့ကတော့ ဟင်းမလိုလောက်အောင်ကို ထမင်းစားလို့ မြိန်စေတာမို့လို့ မာမာပြင်ဆင်ပြီး ကျိုထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။


ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးဖယ်ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက ဇကာစိတ်စိတ်လေးခံပြီး အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။
ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ငါးချင်း - အကောင်ကြီးကြီး တစ်ဝက်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက် (အနီရောင်ကိုဘဲသုံးပါ)
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ

ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံထိုးပြီး မလိုတာတွေ ဖယ်ပေးကာ ထက်ဝက်ပိုင်းပေးပြီး ရေစင်အောင် ဆေးပေးပါ
  • ပြီးတာနဲ့ ကင်ပျစ်ပေါ်တင်ကာ နှစ်ဖက်စလုံး ကျက်လာတဲ့အထိ ကင်ပေးပါ
  • ငါးအသား ကျက်လာတာနဲ့ အရိုးအသား သပ်သပ်စီ ထွင်ပေးပါ
  • အရိုးထွင်ထားသော ငါးကင်အသားများကို ငါးပိရည်ကျို ကျိုပြီးသားထဲမှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံမခွာဘဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ငရုတ်သီးစိမ်းများကိုလဲ  အညှာများချွေ ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းများကို မညက်တစ်ညက် ထောင်းပေးထားပါ
  • ငရုတ်သီး အလှော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းတို့ကိုလဲ ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ပြီးတာနဲ့  တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လိုအပ်တဲ့အချိန် ယူသုံးနိူင်အောင် လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာ ရှိလှတဲ့ ငါးချင်းငါးကင် ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

No comments:

Post a Comment