Wednesday 29 September 2021

ငရုတ်သီး ဆားလှော်ထောင်း







ဒီနေ့တော့ ကြက်သားကြော်နှင့် တစ်ခြားသော အသားငါးကြော် မာလကာသီး သရက်သီး ပန်းသီး ဂွေးသီး စောင်းလျှားသီး မန်ကျည်းသီး သံပုရာသီး အစရှိတဲ့ အသီးလေးတွေနဲ့ တွဲဖက်ပြီး စားလို့ရအောင် ငရုတ်သီး ဆားလှော်ထောင်းလေး ထောင်းဖြစ်ပါတယ်။

မာမာကတော့ ခနခနလှော်နေရင် ညှော်မှာ​ကြောက်တဲ့အတွက် တစ်ခါထဲ ခပ်များများ လှော်ထားပါတယ် နည်းနည်းဘဲ လှော်ချင်တဲ့ သူတွေအတွက် အနည်းငယ်ဘဲ လှော်ပေးလို့ ရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အခြောက်တောင့် - အတောင့် တစ်ရာခန့်
  2. ဆား - ထမင်းစားဇွန်း ငါးဇွန်း
  3. နာနတ်ပွင့် - အပွင့်ကြီးကြီး ဆယ်ပွင့်ခန့်
  4. စီချွမ်ငရုတ်ကောင်း - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  5. ငရုတ်ကောင်းစေ့ - ထမင်းစားဇွန်း သုံးဇွန်း
  6. အချိုမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • နာနတ်ပွင့် အထဲမှ အစေ့လေးတွေကို စိတ်ရှည်လက်ရှည် ဖယ်ပေးပါ
  • အိုးအသားထူသော ဒယ်အိုးထဲမှာ ဆား ငရုတ်ကောင်းစေ့ စီချွမ်ငရုတ်ကောင်း နာနတ်ပွင့်နှင့် ငရုတ်သီး အခြောက်တောင့်တို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး မီးခပ်နွေးနွေးနှင့် လှော်ပေးပါ
  • လှော်နေစဉ် မီးအားမပျင်းစေရန် သတိထားပေးပြီး မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးများ ကျွတ်ရွလာပါက မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံပေးပါ
  • အားလုံးအေးသွားပါက အချိုမှုန့်နှင့်အတူ ငရုတ်ဆုံထဲမှာ ထည့်ပြီး ထောင်းပေးပါ
  • ကြိတ်စက်ရှိပါက ကြိတ်စက်ထဲမှာ ထည့်ပြီးကြိတ်ပေးပါ
  • မိမိနှစ်သက်တဲ့ အနေအထား ရလာပါက မွှေးကြိုင်နေသော ငရုတ်သီး ဆားထောင်းလေးကို ပုလင်းသန့်သန့်ထဲမှာထည့်ပြီး သိမ်းထားပေးပါ
  • ပူစပ်ပြီး မွှေးနေတဲ့ ငရုတ်သီး ဆားလှော်ထောင်းကို ကြက်သားကြော် အသားငါးကြော်တို့ အပေါ်မှာ ဖြူးပြီး စားနိူင်သလို အချဉ်ဓာတ်ပါသော အသီးမျိုးစုံတို့နဲ့လဲ တို့စား သုပ်စားနိူင်ပါပြီ။

No comments:

Post a Comment