ဆောင်းကုန်ကာနီး အချိန်လေးမှာ စိတ်ထဲက ငပိအုံး ပူပူလေးကို ထမင်းပူပူလေးနဲ့ နယ်ဖတ်ပြီး စားချင်တဲ့အတွက် ဒီနေ့တော့ ငပိအုံးလေး လုပ်ဖြစ်ပါတယ်။
တစ်ကယ်တမ်းကျတော့ ငပိအုံးက ပင်စိမ်းရွက်လေးနဲ့မှ ပိုပြီးလိုက်ဖက်ပါတယ် မာမာက ပင်စိမ်းရွက် မရှိတဲ့အတွက် နံနံပင်လေးဘဲ ထည့်ထားပြီး လုပ်ထားပါတယ်။
နံနံပင်လေးနဲ့ကလဲ အရသာ တစ်မျိုးကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ငရုတ်သီး အခြောက်တောင့် - ဆယ်တောင့်
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
- မျှင်ငပိ - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
- ပင်စိမ်းရွက် - မိမိနှစ်သက်သလောက် (သို့မဟုတ်)
- နံနံပင် - မိမိနှစ်သက်သလောက်
- ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ရေ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ပုံ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေပြီး ရေဆေးကာ ပျော့လာတဲ့အထိ ရေစိမ်ထားပါ
- ငရုတ်သီးများ ပျော့လာတာနဲ့ မညက်တစ်ညက် ထောင်းပေးပါ
- ပင်စိမ်းရွက်ကို ရေဆေးပြီး မထူမပါး လှီးထားပါ (သို့မဟုတ်)
- နံနံပင်ကို ရေဆေးပြီး မထူမပါး လှီးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- ကြွေဇလုံ တစ်လုံးထဲမှာ နံနံပင်မှလွဲပြီး ငရုတ်သီးစိမ်း ကြက်သွန်နီ မျှင်ငပိ ငရုတ်သီးထောင်း ရေနှင့် ဆီတို့ထည့်ပေးပါ
- ပြီးတာနဲ့ ပေါင်းအိုးထဲမှာထည့်ပြီး steam ခလုတ်ကိုနှိပ်ကာ ငါးမိနစ်ခန့် ပေါင်းပေးပါ
- ရိုးရိုးအိုးထဲမှာ ရေခံပြီး ပေါင်းပါက ဆယ်မိနစ်ခန့် ပေါင်းပေးပါ
- ပေါင်းပြီးတာနဲ့ နံနံပင် အုပ်ပေးကာ အိုးအပြင်ထုတ်ပြီး အားလုံးသမအောင် ရောမွှေပေးကာ ထမင်းပူပူလေးနဲ့ စားသုံးရန် ငပိအုံး မွှေးမွှေးလေးကို ပြင်ပေးလို့ ရပါပြီ။
No comments:
Post a Comment