Monday 13 September 2021

ပဲယိုအစာသွပ် အံဇာတုန်းမုန့်










ဒီနေ့တော့ ဆောင်းအကုန် နွေဦးရာသီလေး ဝင်လာပေမဲ့ အချမ်းကတော့ မပေါ့သေးသလို မိုးတွေကလဲ ထစ်ချုံးပြီး ရွာလိုက်တဲ့မိုးကလဲ သည်းသည်းမည်းမည်းပါဘဲ။

ဒီတော့လဲ အိမ်အပြင်ထွက်ပြီး ဘာမှလုပ်မရတဲ့အတူတူ အိမ်ထဲမှာဘဲ မုန့်လေးတွေ လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ငယ်ဘဝ အလွမ်းပြေ အံစာတုံးမုန့် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ မုန့် (၁၂)ခုစာအတွက်

ပဲယိုထိုးရန် ပါဝင်ပစ္စည်းများ

  1. ပဲနီ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး  ( ကုလားပဲဆံ/ပဲနီ/ပဲလွန်း/မတ်ပဲ နှစ်သက်ရာ ပဲတို့ကို သုံးနိူင်ပါတယ်)
  2. သကြားဖြူ  - ထမင်းစားဇွန်း လေးဇွန်း (အချိုစားပါက ပိုထည့်ပါ)
  3. အုန်းနို့ - ထမင်းစားဇွန်း ငါးဇွန်း
  4. နွားနို့ -  ထမင်းစားဇွန်း ငါးဇွန်း
  5. ဂျုံမှုန့်  -  ထမင်းစားဇွန်း တစ်ဝက်
  6. ထောပါတ်အရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပဲယိုပြုလုပ်ပုံ
  1. ပဲနီကို ရေသုံးထပ်လောက်ဆေးပြီး ရေမြုပ်အောင်ထည့်ကာ ပဲများ နူးအိကာ ရေခမ်းလာတဲ့အထိ ပြုပ်ပေးပါ
  2. ပဲနူးအောင် ပြုပ်ပြီးတာနဲ့ ကြိတ်စက်ထဲမှာ ပဲများ ဆား သကြား အုန်းနို့ နွားနို့ ဂျုံမှုန့် ထောပါတ်တို့ကို ထည့်ပေးကာ ညက်နေအောင် ကြိတ်ပေးပါ
  3. ကြိတ်ပြီးတာနဲ့ မကပ်တဲ့ အိုးထဲပြောင်းထည့်ကာ မီးအေးအေးနဲ့ ပဲယိုထိုးပေးပါ
  4.  ပဲယိုထဲမှာ ရေမကျန်တော့အထိ မွှေမွှေပေးပါ
  5. ပဲယိုကို အအေးခံပြီးမှ ရွယ်တူ အလုံးလေးတွေ ၁၂လုံး လုံးပေးထားပါ

မုန့်အခွံအတွက် ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 150 g
  2. ပြောင်း‌ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန် မောက်မောက်
  3. ကြက်ဥ - ခပ်ကြီးကြီး တစ်လုံး
  4. သကြား - ထမင်းစားဇွန်း သုံးဇွန်း
  5. ထောပတ်အရည် -  ထမင်းစားဇွန်း နှစ်ဇွန်း
  6. baking powder - လက်ဘက်ရည်ဇွန်း တစ်ဝက် 
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ရေ - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
မုန့်အခွံအတွက် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများ အားလုံးကိုထည့်ပြီး သမအောင် နယ်ပေးပါ
  • နယ်ပြီးတဲ့အခါ မာကျောကျောလေး ဖြစ်နေပါက ရေကို မဆိုသလောက်လေး ထည့်ပြီး နယ်ပေးပါ
  • နယ်ပြီးသွားတာနဲ့ မုန့်သားအပေါ်မှာ ရေစိုအဝတ်လေး အုပ်ထားက ၁၅မိနစ်ခန့် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တာနဲ့ ဂျုံသားကို ရွယ်တူအလုံးလေးတွေ ၁၂လုံးရအောင် လုံးပေးပါ။ 


မုန့်ပုံစံ ပြုလုပ်ရန်

  • လုံးထားသော ဂျုံလုံးတစ်ကိုလုံးကို ယူကာ လက်ဖဝါးပေါ် တင်ပေးပြီး လက်ဝါးနှစ်ခုကြားမှာ ခပ်သာသာလေး ဖိပြားပေးပါ
  • ပြီးတာနဲ့ ပဲယိုအလုံးလေး အုပ်လို့ရအောင် ဖိပြားပေးပါ
  • ခပ်ပြားပြားလေး ဖြစ်သွားတာနဲ့ ထိုမုန့်သား အပေါ်မှာ ပဲယိုကို ထည့်ပေးကာ လုံအောင်အုပ်ပြီး ပြန်လုံးပေးပါ
  • ပဲယိုထည့်ထားသော ဂျုံမုန့်လုံးလေးကို ခပ်ရှည်ရှည်လေး ဖြစ်လာအောင် လက်နှင့် အသာလေး လှိမ့်ပေးပါ
  • ပြီးတော့မှ လေးထောင့်ပုံစံလေး ရလာအောင် မုန့်သားတစ်ခုလုံးနဲ့ ဘေးပတ်လည်ကို အသာလေး ဖိဖိပြီး ပုံသွင်းပေးထားပါ
မုန့်မီးကင်ပုံ
  • မီးဖိုမှ မီးကို အလယ်အလတ်လောက်နှင့် ဖွင့်ပေးပါ
  • ပြီးတာနဲ့ အိုးအသားထူပြီး မကပ်သော ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ
  • ဒယ်အိုးပူလာတာနဲ့ မီးကို အနည်းငယ် ထပ်လျှော့ပေးပြီးမှ မုန့်တုံးလေးတွေကို အိုးဆန့်သလောက် ထည့်ပေးပါ
  • မုန့်တုံးတစ်ခုလုံး အကျက်ညီစေရန် စိတ်ရှည်လက်ရှည်နဲ့ လေးဘက်လုံးကို တစ်ဖက်ပြီး တစ်ဖက် လှည့်လှည့်ပေးပါ
  • မုန့်တုံးလေး တစ်ခုလုံး ကျက်သွားပါက ဒယ်အိုးထဲမှ ဖယ်ပေးကာ အအေးခံပေးပါ
  • မုန့်လေးတွေ အေးသွားတာ လေလုံဗူး သန့်သန့်လေးထဲမှာထည့်ပြီး တစ်ညထားပေးပါ
  • နောက်နေ့ရောက်ရင်တော့ ကော်ဖီပူပူလေးနှင့် သုံးဆောင်ရန် ပဲယိုအစာသွပ် အံစာတုံး မုန့်လေးတွေ ရပါပြီ။

No comments:

Post a Comment